
ကိုပင်ဟင်ဂင်ကိုအနိုင်ရဖို့ ဘယ်လောက်အထိအရေးကြီးသလဲဆိုတာ ရှင်းပြလာတဲ့ မာရက်စ်ကာ
သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ကိုပင်ဟင်ဂင်ကို အနိုင်ရပြီးနောက် ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ယခုနိုင်ပွဲဟာ ဘယ်လောက်အထိအရေးပါသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ချဲလ်ဆီးအတွက်ဦးဆောင်ဂိုးကို ဒုတိယပိုင်းအစမှာ ရီစီဂျိမ်းစ်က စတင်သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၆၅ မိနစ်မှာ ဖာနန်ဒက်ဇ်က ဒုတိယဦးဆောင်ဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဒုတိယအကျော့အတွက် ရလဒ်ကောင်းတစ်ခုကို ဖန်တီးနိုင်ပြီလို့ ယူဆခဲ့ပေမယ့် ၇၉ မိနစ်မှာ ပါရီယာက ကိုပင်ဟင်ဂင်အတွက်ချေပဂိုး ၁ ဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် ၁-၂ နဲ့သာပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲအပြီးမှာ မာရက်စ်ကာက "ဒီပွဲကိုအနိုင်ရဖို့က အရမ်းအရေးကြီးပါတယ်။ ဒါက အဝေးကွင်းပွဲစဉ်ဖြစ်ပြီး အိမ်ကွင်းမှာ သက်သောင့်သက်သာကစားနိုင်ဖို့ ဒီနေ့မှာ အနိုင်ရဖို့လိုပါတယ်။ ပြိုင်ဘက်က ကျွန်တော်တို့ကို မထင်မှတ်ထားတာတွေလုပ်ပြခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ပွဲကိုထိန်းချုပ်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပေမယ့် အခွင့်အရေးတွေမဖန်တီးနိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကလည်း ဒီပွဲမှာ ကျေနပ်အားရစရာဖြစ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ နောက်အပတ် စတန်းဖို့ဒ်ဘရစ်ချ်မှာယှဉ်ပြိုင်သွားရမယ့် ဒုတိယအကျော့ပွဲစဉ်ကို သက်တောင့်သက်သာကစားနိုင်မှာဖြစ်ပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ အလားအလာများနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီး မာရက်စ်ကာက "ဒီနေ့ပွဲမှာကျွန်တော်တို့ မပေးသင့်တဲ့ဂိုး ၁ ဂိုးခွင့်ပြုခဲ့ရပါတယ်။ တကယ်တော့ အသင်းက ဒီဂိုးကို မပေးရအောင် ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဒီလိုအချက်အလက်သေးသေးလေးတွေက ဖြစ်နိုင်ပါတယ်။ မိနစ် ၉၀ အတွင်းမှာတော့ အနိုင်ကစားနိုင်ခဲ့ပါပြီ။ ဒီနိုင်ပွဲအတွက် ကျေနပ်ပါတယ်။ လာမယ့်အပတ်မှာ နောက်ထပ် မိနစ် ၉၀ ယှဉ်ပြိုင်သွားရပါဦးမယ်"
"ဒါပေမယ့် လောလောဆယ်မှာ ကျွန်တော်တို့ တနင်္ဂနွေနေ့ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အိမ်ကွင်းမှာ ကစားသွားရမှာဖြစ်ပြီး လက်စတာကိုအနိုင်ရဖို့ ပရိသတ်တွေရဲ့ အားပေးမှုလိုအပ်ပါတယ်။ အဲဒီပွဲမှာအနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ခြေတစ်လှမ်းတိုးသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာလူစားလဲခံခဲ့ရတဲ့ မာလိုဂူစတိုရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အီတလီသားနည်းပြက "အခုသူ အခြေအနေကောင်းပါတယ်။ တနင်္ဂနွေနေ့ပွဲကိုလွဲချော်သွားနိုင်တယ်လို့ ပြောကြပေမယ့် သူပါဝင်ကစားနိုင်ဖို့မျှော်လင့်ပါတယ်" လို့အသိပေးခဲ့ပါတယ်။