The network connection is lost.

Banner Image

ဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ လက်မလျှော့သေးတဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်မှ အက်စတွန်ဗီလာသို အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ လက်လျှော့ခြင်းမရှိသေးဘဲ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ချိတ်ဆက်နိုင်ဖို့ ကြိုးစားသွားမယ်လို့သိရပါတယ်။
 
ယူနိုက်တက်နည်းပြသစ် ရူဘင်အာမိုရင်နဲ့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီးနောက် အင်္ဂလန်သားဟာ အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာဖို့ရွေးချယ်ခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာနဲ့ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ ဗီလာပါ့ခ်သို့မပြောင်းရွှေ့ခင်မှာ ဘာစီလိုနာရဲ့စိတ်ဝင်စားမှုတွေရရှိခဲ့ပေမယ့် နူးကမ့်သို့ပြောင်းရွှေ့ဖို့သဘောတူညီမှုမရခဲ့ပါဘူး။ 

သို့သော်လည်း ယခုအခါမှာတော့ The Sun ရဲ့အဆိုအရ ကစားသမားဟာ ဘာစီလိုနာသို့ပြောင်းရွှေ့နိုင်ဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့သိရပါတယ်။ သို့သော်တစ်ဖက်မှာလည်း အက်စတွန်ဗီလာဟာ ရာသီကုန်မှာ ကစားသမားကို ပေါင်သန်း ၄၀ နဲ့အပြီးသတ်ဝယ်ယူနိုင်ဖို့ အငှားစာချုပ်ထဲမှာ သဘောတူညီချက်ထည့်သွင်းထားပါတယ်။ 

ရက်ရှ်ဖို့ဒ်အနေနဲ့ အက်စတွန်ဗီလာသို့ ပြောင်းရွှေ့ခဲ့ပေမယ့် အပြီးသတ်စာချုပ်ချုပ်ဆိုဖို့တော့ စိတ်ဝင်စားခြင်းမရှိဘဲ ဘာစီလိုနာသို့သာ အမှန်တကယ်ပြောင်းရွှေ့လိုတာဖြစ်ကြောင်း သတင်းတွေကဖော်ပြထားပါတယ်။ ရှက်ဖို့ဒ်ကိုစိတ်ဝင်စားနေတဲ့အကြောင်းကို ဘာစီလိုနာအားကစားဒါရိုက်တာ ဒီကိုကလည်း “ကျွန်တော်တို့ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ဆွေးနွေးခဲ့တာအမှန်ပါပဲ။ ဒါပမေယ့် သဘောတူညီမှုရတဲ့အထိတော့ မဆွေးနွေးနိုင်ခဲ့ပါဘူး” လို့ပြောကြားထားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ဗီလာအတွက် ၂ ပွဲအထိပါဝင်ကစားထားပြီးဖြစ်ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းတော့မရှိသေးပါဘူး။ သို့သော်လည်း ကစားသမားဟာ နည်းပြသစ် အူနိုင်းအမ်မရီလက်အောက်မှာ နဂိုခြေစွမ်းကိုပြန်လည်ရရှိလာမလား စောင့်ကြည့်ရဖို့ရှိနေပါသေးတယ်။