မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို ပေါင် ၄၀ သန်းနဲ့ ယူနိုက်တက်ကနေ ခေါ်ယူနိုင်တဲ့ စာချုပ်ပါအချက် သက်တမ်းကုန်
မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို ပေါင် ၄၀ သန်းနဲ့ မန်ယူအသင်းကနေ ခေါ်ယူနိုင်ခွင့်ရှိတဲ့ စာချုပ်ပါအချက်ဟာ သက်တမ်းကုန်ဆုံးသွားပြီလို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပေမဲ့ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းကတော့ စာချုပ်ထဲမှာပါတဲ့ ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။ အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ မန်ယူနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ မန်စီးတီး ဒါမှမဟုတ် လီဗာပူးအသင်းကလွဲလို့ ကျန်တဲ့ ဘယ်ကလပ်အသင်းမဆို ပေါင် ၄၀ သန်းပေးရင် ခေါ်ယူနိုင်တယ်ဆိုတဲ့ အချက်ပါဝင်နေကြောင်းလည်း နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ အဲဒီစာချုပ်ပါအချက်ဟာ ဇူလိုင် ၁၅ ရက်နေ့မှာ သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ အခုဆိုရင် ဘယ်လိုအပြောင်းအရွှေ့မျိုးအတွက်မဆို မန်ယူအသင်းနဲ့ တိုက်ရိုက်ညှိနှိုင်းရတော့မှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ရပ်ရှ်ဖို့ဒ်ဟာ စနေနေ့ (ဇူလိုင် ၁၈ ရက်) မှာ ကစားမယ့် ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလား တတိယနေရာလုပွဲအပြီးမှာ နည်းပြ မိုက်ကယ်ကားရစ် လက်အောက်က ရာသီကြိုလေ့ကျင့်ခန်းတွေမှာ ပြန်လည်ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။