
ဘာစီလိုနာအသင်းမှာ ယာမယ်လ်နဲ့အတူ ကစားချင်ကြောင်း ဖွင့်ဟခဲ့တဲ့ ရက်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မာကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ပြီး လမိုင်းယာမယ်လ်နဲ့အတူ ကစားချင်တယ်လို့ လူသိရှင်ကြားပြောကြားခဲ့ပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်နေချိန် အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၄-၂၅ ရာသီရဲ့ ဒုတိယရာသီဝက်မှာ အက်စတွန်ဗီလာအသင်းကို အငှားနဲ့သွားရောက်ကစားခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းက သူ့ကို ပေါင် ၄၀ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်တဲ့ အခွင့်အရေးရှိပေမဲ့ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ချန်ပီယံလိဂ်ကစားခွင့်ရတဲ့အသင်းကိုသွားဖို့ မျှော်လင့်နေပြီး ဘာစီလိုနာအသင်းကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက သတင်းတွေအရ ရက်ရှ်ဖို့ဒ်ရဲ့အစ်ကိုဖြစ်သူနဲ့ အေးဂျင့်တို့ဟာ ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ပစ်မှတ်ကတော့ ရက်ရှ်ဖို့ဒ်ထက် လီဗာပူးအသင်းက လူးဝစ်ဒီယက်ဇ်နဲ့ ဘီလ်ဘာအိုက နီကို ဝီလီယံတို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းကိုပြောင်းရွှေ့နိုင်ဖို့ မန်ချက်စတာယူနိုက်တက်မှာ တစ်နှစ်ကို ပေါင် ၁၅.၆ သန်း (တစ်ပတ်ကို ပေါင် ၃၀၀,၀၀၀ ခန့်၊ အချို့သတင်းတွေအရ တစ်ပတ်ကို ပေါင် ၃၅၀,၀၀၀ လို့ဆိုပါတယ်) ရရှိနေတဲ့ လစာကို လျှော့ယူဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပါတယ်။ စပိန် YouTube channel XBuyer မှာ စနေနေ့က ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း ဘာစီလိုနာအသင်းရဲ့ အသက် ၁၇ နှစ်အရွယ် ကစားသမား လာမိုင်းယမ်မဲလ်နဲ့အတူ ကစားရမယ့် အလားအလာနဲ့ပတ်သက်ပြီး တိုက်ရိုက်မေးမြန်းခဲ့တဲ့အခါမှာ ရက်ရှ်ဖို့ဒ်က "ဟုတ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းက အကောင်းဆုံးတွေနဲ့အတူ ကစားချင်ကြပါတယ်။ ဒါကြောင့် တွေ့ရပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောပါတယ်။
အင်တာဗျူးသူ အဲရစ်ရူဇ်က ကတ်တလန်ကလပ်မှာ ရက်ရှ်ဖို့ဒ်ကို မြင်ချင်တယ်လို့ပြောတဲ့အခါ အင်္ဂလန်လက်ရွေးစင်ကစားသမားက ပြုံးပြီး "တွေ့ပါလိမ့်မယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ လက်ရှိမှာ ရက်ရှ်ဖို့ဒ်ဟာ စပိန်နိုင်ငံ၊ မာဘယ်လာမှာ တစ်ကိုယ်တော်လေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်။