The network connection is lost.

Banner Image

သရဲနီပစ်မှတ်ဝါတန်နဲ့ပတ်သက်လို့ တုံ့ပြန်မှတ်ချက်ပေးလာတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းပိုင်ရှင်စတိဗ်ပါရစ်

ခရစ္စတယ်ပဲလေ့စ်အသင်းပိုင်ရှင်စတိဗ်ပါရစ်က မန်ချက်စတာယူနိုက်တက်ပစ်မှတ်ဝါတန်နဲ့ပတ်သက်လို့ ကစားသမားကိုအလျှင်အမြန်ရောင်းချသွားဖို့ သူတို့အသင်းအတွက် ဖိအားမရှိပါဘူးလို့ သတိပေးခဲ့ပါတယ်။ ဒဏ်ရာပြဿနာစိုးရိမ်မှုတွေရှိနေပေမဲ့ အီးဂဲလ်ကွင်းလယ်ကစားသမားက နည်းပြဂလက်စ်နာလက်အောက် အထင်ကြီးစရာစွမ်းဆောင်ရည်တွေ ဆက်လက်ပြသရင်း ဘောလုံးရာသီသစ်ကို အကောင်းဆုံးစတင်ထားနိုင်ပါတယ်။ ယမန်နှစ်ဘောလုံးရာသီဝင်ဘာလေကွင်းအက်ဖ်အေဖလားအောင်ပွဲနဲ့ အခုရာသီအကြိုကွန်မြူနတီဒိုင်းရရှိမှုတို့မှာ ဝါတန်က အသင်းရဲ့အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အတွက် ဝါတန်ရဲ့တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပိုင်းက လီဗာပူး၊ ချဲလ်ဆီး၊ ယူနိုက်တက်၊ မန်စီးတီး၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ တော့တင်ဟမ်တို့လို ဥရောပဘီလူးကြီးတွေအတွက် မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။ အခုသီတင်းပတ်အတွင်း ထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက်က အသက်-၂၁ နှစ်အရွယ်ကစားသမားအတွက် ပေါင်သန်း ၆၀ တန်ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဖိအားတွေအောက်ကျရောက်နေတဲ့ နည်းပြအာမိုရင်ကိုယ်တိုင်လည်း မိုင်နူး၊ ကတ်စ်မဲရိုးတို့နဲ့အတူ အိုးထရက်ဖို့ဒ်ရဲ့ကွင်းလယ်ပိုင်းကို အဆင့်မြှင့်တင်ချင်နေပါတယ်။

ဒါပေမဲ့ ဝါတန်မှာ ဆဲလ်ဟတ်ပတ်ခ်နဲ့အတူ ၂၀၂၉ ခုနှစ်အထိသက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ရှိနေပြီး ပါရစ်ကိုယ်တိုင်ကလည်း အီဇီရဲ့အခုနွေရာသီ၊ အာဆင်နယ်ဆီ ပြောင်းရွှေ့သွားမှုနဲ့ ဂူဟီရဲ့အခုရာသီကုန်၊ လီဗာပူးဆီ အလွတ်ဖြင့်ပြောင်းရွှေ့သွားနိုင်မှု တို့ကြောင့် ခရစ္စတယ်ပဲလေ့စ်ရဲ့တန်ဖိုးထားရတဲ့ နောက်ထပ်ကစားသမားတစ်ဦးကို ဆုံးရှုံးခံသွားဖို့ ဖိအားမရှိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဝါတန်အတွက် ယူနိုက်တက်ရဲ့ဖြစ်လာနိုင်ချေရှိသော အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခုအကြောင်း မေးမြန်းရာမှာ ပါရစ်က “ ဝါတန်ကို မန်ချက်စတာယူနိုက်တက်လိုချင်နေမယ်ဆိုရင်လည်း ဒါက အံ့သြစရာမဟုတ်ပါဘူး။ အမှန်တကယ်တော့ ဝါတန်ဆီမှာ ကာလရှည်စာချုပ်တစ်ခု ရှိနေပါတယ်။ ဒါကြောင့် သူ့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ဆိုတာ ကျွန်တော်တို့ဆီမှာ ဖိအားတွေ မရှိနေပါဘူး။ ပြီးတော့ ကစားသမားရဲ့ဖိအားပေးမှုတွေ ရှိလာလိမ့်မယ်လို့လည်း မထင်ပါဘူး” လို့ talkSPORT သတင်းဌာနဆီ ယမန်နေ့(တနင်္ဂနွေနေ့)မှာ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

လတ်တလောမှာ ခရစ္စတယ်ပဲလေ့စ်က အီဇီလိုပဲ စာချုပ်ဖျက်သိမ်းကြေးပေါင် ၇၅ သန်းဝန်းကျင်တန်ကြေးရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ဝါတန်ဆီ ကမ်းလှမ်းသွားမယ်လို့ သတင်းတွေအရ သိရပါတယ်။