The network connection is lost.

Banner Image

ယူနိုက်တက်ကနေ ထွက်ခွာဖို့အဆင်သင့်ရှိနေပေမယ့် ထုတ်ပယ်ခံရဖို့အလားအလာမရှိတဲ့ အာမိုရင်

ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ၁-၀ နဲ့ရှုံးနိမ့်ကာ ဆုဖလားနဲ့လွဲချော်ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းကနေ လျော်ကြေးမတောင်းဘဲ ထွက်ခွာဖို့အဆင်သင့်ရှိနေကြောင်း ပြောကြားလာခဲ့ပေမယ့် ယူနိုက်တက်ဘက်ကတော့ ပေါ်တူဂီသားကို ရာထူးမှာပုံမှန်အတိုင်းပဲ ဆက်လက်ခန့်အပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

ခက်ခဲကြမ်းတမ်းရဲ့ရာသီတစ်ခုကို ဖြတ်ကျော်ခဲ့ရပြီးနောက် ယူနိုက်တက်အနေနဲ့ အသင်းပရိသတ်တွေအတွက် ယူရိုပါလိဂ်ဆုဖလားနဲ့ ချွေးသိပ်ပေးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် တော့တင်ဟမ်ကို အရေးနိမ့်ခဲ့တာကြောင့် ဆုဖလားသာမက နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ 

ဒါ့အပြင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာကြောင့် ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်နဲ့ လွဲချော်သွားတော့မှာဖြစ်ပါတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "လောလောဆယ်မှာတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့စကားတွေ မပြောချင်ပါဘူး။ ဒီရလဒ်က ကျွန်တော့်အတွက် လက်ခံရခက်ခဲပါတယ်။ ပရိသတ်တွေကိုလည်း ပြောချင်တာဘာမှမရှိပါဘူး"

"တကယ်လို့ ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက ကျွန်တော့်ကို ရာထူးမှာဆက်မမြင်ချင်တော့ဘူးဆိုရင် လျော်ကြေးအကြောင်း ဘာမှမပြောဘဲ အသင်းကနေ ဒီအတိုင်းပဲ ထွက်ခွာသွားပါမယ်။ ဒါပေမယ့် ကျွန်တော်အခု လုပ်နေတဲ့အလုပ်ကိုတော့ ယုံကြည်မှုရှိနေဆဲဖြစ်လို့ ပြောင်းလဲမှုတွေပြုလုပ်သွားမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

The Telegraph သတင်းဌာနရဲ့အဆိုအရ ပေါ်တူဂီသားနည်းပြဟာ ရာထူးကနေနုတ်ထွက်ဖို့အဆင်သင့်ရှိနေပေမယ့် ကလပ်ရဲ့ဘုတ်အဖွဲ့နဲ့ ကစားသမားတွေက သူ့ကို အသင်းနဲ့သင့်တော်တဲ့နည်းပြတစ်ယောက်ဖြစ်တယ်လို့ ယုံကြည်ထားတာကြောင့် ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးမှာမဟုတ်ဘူးလို့သိရပါတယ်။ ယူနိုက်တက်ဘက်က ယခုနှစ်ရာသီက အောင်မြင်တဲ့ရာသီတစ်ခုဖြစ်လာဖို့မရှိကြောင်း ကြိုတင်ခန့်မှန်းထားခဲ့ပြီးဖြစ်ကာ လာမယ့်နွေရာသီအပြောင်းအရွှေ့ ကစားသမားသစ်တွေခေါ်ယူပြီးချိန်မှသာ အာမိုရင်ရဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ 

အာမိုရင်နဲ့ပတ်သက်ပြီး ယူနိုက်တက်အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကလည်း "သူ့ကိုခန့်အပ်ခဲ့တာ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်မဟုတ်ပေမယ့် သူက အသင်းအတွက်သင့်တော်တဲ့နည်းပြတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ရှင်းပြရခက်ခဲပေမယ့် သူ့ကို အသင်းအတွက်မှန်ကန်တဲ့နည်းပြတစ်ယောက်လို့ ယုံကြည်ပါတယ်" လို့ထောက်ခံပြောကြားခဲ့ပါတယ်။ 

နောက်ခံလူဒီယေဂိုဒါလော့ကလည်း အာမိုရင်အပေါ်မှာ ယုံကြည်ချက်ရှိကြောင်းကို "အာမိုရင်က အသင်းအတွက် ၁၀၀ ရာခိုင်နှုန်းသင့်တော်တဲ့နည်းပြတစ်ယောက်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အဆင့်အတန်း၊ လိုအင်ဆန္ဒနဲ့ ကလပ်အပေါ်အမြင်တွေက အရမ်းမြင့်မားလို့ပါ။ ကစားသမားတွေအတွက်ရော၊ နည်းပြဝန်ထမ်းတွေအတွက်ပါ ကြည့်ပေးတတ်တဲ့နည်းပြတစ်ယောက်ပါ"

"ပြီးတော့ အသင်းမှာပြောင်းလဲမှုတွေ အများအပြားဖြစ်ပေါ်နေပါတယ်။ ဒါပေမယ့် ကွင်းထဲကရလဒ်တွေကတော့ ကျွန်တော်တို့မှာပဲ တာဝန်ရှိပါတယ်။ ဒီရာသီမှာတော့ ဒီအသင်းနဲ့ ထိုက်တန်မှုမရှိတဲ့ အရာတွေကြုံတွေ့ခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ အပြည့်အဝတာဝန်ယူသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။