ဒိုကူကိုကျူးလွန်ခဲ့တဲ့ ဒါလော့ရဲ့ဖျက်ထုတ်မှုက သေချာပေါက်အနီကတ်ပြစ်ဒဏ်ဖြစ်သင့်တယ်လို့ ရှီးယားအခိုင်အမာပြော
ပရီးမီးယားလိဂ်ဂန္ထဝင်ကစားသမားဟောင်း အလန်ရှီးယားက မန်ချက်စတာဒါဘီပွဲစဉ်အတွင်း မန်စီးတီးတောင်ပံကစားသမား ဂျရယ်မီဒိုကူကို ဖျက်ထုတ်ခဲ့တဲ့ ယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့အနေနဲ့ သေချာပေါက် တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ပေးခံရသင့်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဒါလော့ဟာ ပွဲကစားချိန် ၁၀ မိနစ်ကျော်ခန့်မှာ ဒိုကူရဲ့ဒူခေါင်းကို ထိခိုက်စေတဲ့ဖျက်ထုတ်မှုပြုလုပ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ အဝါကတ်သာ ပြသခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖျက်ထုတ်မှုနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ အငြင်းပွားမှုတွေများစွာဖြစ်ပေါ်နေပြီး ဘောလုံးပရိသတ်အများစုက ဒါလော့အနေနဲ့ အနီကတ်ပြထုတ်ပယ်ခံရသင့်ကြောင်း သဘောတူခဲ့ကြပါတယ်။
သို့သော်လည်း ပွဲချိန်အတွင်းမှာတော့ VAR ဒိုင်လူကြီး ခရေ့ပေါ်ဆင်က ဒါလော့ရဲ့ ဖျက်ထုတ်မှုဟာ ဒိုကူအပေါ် ပွတ်ထိရုံမျှသာဖြစ်ပြီး အင်အားမသုံးခဲ့ဘူးလို့ သုံးသပ်ကာ အဝါကတ်ပြသဖို့သာ ထောက်ခံခဲ့တယ်လို့သိရပါတယ်။ ယခုအခါမှာတော့ ရှီးယားက ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ဟာ တစ်ခုခုအကြီးအကျယ်မှားယွင်းနေပြီဖြစ်ကြောင်းနဲ့ ဒါလော့အနေနဲ့ သေချာပေါက်အနီကတ်ပြသခံရမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ရှီးယားက "VAR အနေနဲ့ ဒီနေရာမှာတော့ ဆုံးဖြတ်ချက် ဆိုးဆိုးရွားရွားမှားယွင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဒါက သေချာပေါက်အနီကတ်ပြစ်ဒဏ်ပါပဲ။ ကွင်းလယ်ဒိုင်အနေနဲ့ မြင်ကွင်းမရှင်းခဲ့လို့ အနီကတ်မပြခဲ့တာကို ကျွန်တော်နားလည်ပေးလို့ရပေမယ့် VAR ဒိုင်တွေအနေနဲ့ ဒါကို ပြန်ကြည့်တဲ့အခါ အနီကတ်ပေးဖို့ ဆုံးဖြတ်သင့်ပါတယ်။ ဒါက လွယ်ကူတဲ့ဆုံးဖြတ်ချက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဘောလုံးဝေဖန်သုံးသပ်သူတွေဖြစ်တဲ့ ရွိုင်ကိန်း၊ ဒန်နီယယ်စတာရစ်ချ်နဲ့ မီကာရစ်ချက်တို့ကလည်း ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်မှားယွင်းခဲ့ကြောင်း သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါပြစ်ဒဏ်ကျူးလွန်မှုနဲ့ပတ်သက်ပြီး ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက "ကျွန်တော်လည်း ဒီလိုအခြေအနေမျိုးနဲ့ ကြုံခဲ့ရဖူးပါတယ်။ အခြားသူကို ပြင်းပြင်းထန်ထန်ဖျက်ထုတ်ခဲ့ဖူးသလို၊ ကိုယ်တိုင်လည်း အဖျက်ထုတ်ခံခဲ့ရဖူးပါတယ်။ ကျွန်တော်က အနီကတ်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါလော့အနေနဲ့ အနီကတ်ပြခံရသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။