The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေက မန်စီးတီးဘက်မှာရှိမနေခဲ့ဘူးလို့ ဘာနာဒိုဆေးလ်ဗားပြော

မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ယူနိုက်တက်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကိုဝေန်ခဲ့ပြီး မန်စီးတီးကိုဆန့်ကျင်တဲ့ဆုံးဖြတ်ချက်တွေသာချမှတ်ခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဆေးလ်ဗားအနေနဲ့ ယခုပွဲစဉ်မှာ ယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့ အနီကတ်ပြထုတ်ပယ်ခံရသင့်တယ်လို့ ယူဆနေပြီး ကွင်းလယ်ဒိုင်ကတော့ အဝါကတ်သာပြသခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ မန်စီးတီးကို ပွဲအစမှ အဆုံးအထိ လွှမ်းမိုးချုပ်ကိုင်ကစားနိုင်ခဲ့ပြီး ဘရိုင်ယန်အမ်ဘွေမို၊ ပက်ထရစ်ဒေါ်ဂူတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက်ရဲ့ နောက်ထပ်သွင်းဂိုး ၃ ဂိုးသာ လူကျွံဘောအဖြစ် မသတ်မှတ်ခံဘူးဆိုရင် ဂိုးက ဒီထက်ပိုပြတ်ဖို့ရှိခဲ့ပါတယ်။

မန်စီးတီးကတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာဂိုးပေါက်တည့်ကန်သွင်းချက် ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုပြန်လည်ဆွတ်ခူးနိုင်မယ့် မျှော်လင့်ချက်လည်း ပိုမိုဝေဝါးလာခဲ့ပါတယ်။ 

ယခုအခါမှာ ဒိုကူကို ကစားပုံကြမ်းခဲ့တဲ့ ဒါလော့အနေနဲ့ ပွဲအစမှာတင် အနီကတ်ပြထုတ်ပယ်ခံရသင့်‌ကြောင်းကို ဘာနာဒိုဆေးလ်ဗားက "ကျွန်တော် အဲ့ဒီဖျက်ထုတ်မှုကို မြင်လိုက်ပါတယ်။ ဒီရာသီမှာ ၅၀-၅၀ ဖြစ်နေတဲ့ ဆုံးဖြတ်ချက်တွေအားလုံးက ကျွန်တော်တို့အသင်းကို ဆန့်ကျင်ပြီး ပြိုင်ဘက်တွေဘက်ကိုပဲ ပါနေတယ်"

"တကယ်တော့ ဒါဟာ ကျွန်တော်တို့ ရှုံးနိမ့်ရတဲ့ အဓိကအကြောင်းရင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဗီဒီယိုပြန်ကြည့်လိုက်ရင် ဒါဟာ အနီကတ်ပြရမယ့် ဖြစ်ရပ်ပါ။ ဒါပေမဲ့ ဒီနေ့လိုနေ့မျိုးမှာ ဆင်ခြေပေးနေစရာ မလိုဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ညံ့ဖျင်းခဲ့ပြီး ယူနိုက်တက်ကပဲ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်"

"သူတို့က ကျွန်တော်တို့ထက် ပိုပြီး အားအင်အပြည့်နဲ့ ရည်မှန်းချက်ရှိရှိ ကစားသွားခဲ့တယ်။ သူတို့ ဂိုးရဖို့ နီးစပ်နေသလိုပဲ အမြဲခံစားရပြီး ကျွန်တော်တို့ကတော့ ဂိုးရဖို့တောင် မနီးစပ်ခဲ့ဘူး။ သူတို့ အလိုရှိတဲ့အတိုင်း ကစားခွင့်ပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့အတွက်တော့ တကယ့်ကို ဆိုးရွားတဲ့နေ့တစ်နေ့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီးနည်းပြကြီး ပက်ဂွါဒီယိုလာကလည်း ဒါလော့ အနီကတ်ပြထုတ်ပယ်ခံရသင့်ကြောင်း "ဒါဟာ အနီကတ်ပါ။ ဒါပေမဲ့ နည်းပြတစ်ယောက်အနေနဲ့ အဲ့ဒါကြောင့် ရှုံးရပါတယ်လို့ ခွဲခြမ်းစိတ်ဖြာနေရင် အရည်အချင်းမရှိရာ ရောက်ပါလိမ့်မယ်"

"ပိုကောင်းတဲ့အသင်းက နိုင်သွားတာပါ။ သူတို့မှာ ကျွန်တော်တို့ မရှိတဲ့ 'အားအင် ရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဒါဟာ ကျွန်တော့်ရဲ့ ၂၇ ကြိမ်မြောက် ဒါဘီပွဲပါ။ ဒီကွင်းကို အကြိမ်ကြိမ် လာဖူးပေမယ့် ဒီနေ့မှာတော့ ဒီလိုပွဲမျိုးကို အနိုင်ယူနိုင်တဲ့အဆင့်မှာ ကျွန်တော်တို့ မရှိခဲ့ပါဘူး။ ဒါဟာ ဒါဘီပွဲပါ၊ ကျွန်တော်တို့မှာ အားအင်မရှိခဲ့သလို နိုင်ဖို့အတွက် ခြိမ်းခြောက်မှုတွေ၊ ဖြတ်တင်ဘောတွေ ဒါမှမဟုတ် လှုပ်ရှားမှုတွေ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။