
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးအပြောင်းအရွှေ့တစ်ခုကို ထုတ်ဖော်ပြောကြားလာတဲ့ ဖော်စတာ
ယူနိုက်တက်ဂိုးသမားဟောင်း ဘန်ဖော်စတာက လက်ရှိယူနိုက်တက်စတားတစ်ဦးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အဆိုးဝါးဆုံးခေါ်ယူမှုလို့ ထောက်ပြလိုက်ပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ထွက်ခွာပြီးနောက် အာမိုရင်လက်အောက်မှာလည်း ရုန်းကန်နေရတာဖြစ်ပါတယ်။ တန်ဟက်တစ်ယောက် ဆုဖလား ၂ လုံးရယူနိုင်ခဲ့ပေမယ့် သူခေါ်ယူလိုက်တဲ့ကစားသမားတွေက အလုပ်မဖြစ်ခဲ့တာဖြစ်ပါတယ်။
အဲ့ထဲမှာ ဘက်တစ်အသင်းထံ အငှားထွက်ခဲ့ရတဲ့ အန်တိုနီလည်း ပါဝင်နေပါတယ်။ ဖော်စတာက အိုနာနာဟာ ယူနိုက်တက်အသင်းခေါ်ယူခဲ့တဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အဆိုးဝါးဆုံးခေါ်ယူမှုလို့ ပြောကြားလိုက်ပါတယ်။ အင်တာမီလန်ကနေ ပေါင် ၄၇ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမယ့် အိုနာနာဟာ ယူနိုက်တက်မှာ အမှားတွေများနေတာဖြစ်ပြီး အစ်ဝှစ်တောင်းကို ၃-၂ နဲ့ကပ်နိုင်ခဲ့တဲ့ပွဲမှာလည်း အမှားလုပ်ခဲ့သေးတာဖြစ်ပါတယ်။
ကင်မရွန်းသားဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အမှား ၁၂ ကြိမ်အထိ ကျူးလွန်ထားခဲ့ပြီး ဒီဂီယာက ၁၂ နှစ်တာအတွင်းမှာမှ ၁၇ ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ ဖော်စတာက “ဒီဂီယာကိုရောင်းထုတ်ပြီး အိုနာနာကိုခေါ်ယူလိုက်တာက တကယ့်ကိုဆိုးဝါးတဲ့ခေါ်ယူမှုပါ။ အစ်ဝှစ်နဲ့ပွဲမှာဆိုရင်လည်း ဒိုဂူ နဲ့ သူနဲ့ကြားမှာ နားလည်မှုလွဲပြီး အမှားတစ်ကြိမ်ထပ်လုပ်ခဲ့ပါတယ်။ ဒိုဂူပြေးလာတဲ့နောက်မှာ ဖီလိုဂီနီပါလာတာကို သူမြင်ပါတယ်။ အဲ့အခြေအနေကို သူတစ်ယောက်တည်းပဲ ထိန်းချုပ်နိုင်ရမှာပါ။ သူက နှုတ်နဲ့ပြောပြီး ညွှန်ပြရမှာဖြစ်သလို ဒိုဂူနဲ့လည်း အချိတ်အဆက်မိရမှာပါ။
ဒါပေမယ့် ၂ ဦးကြားနားလည်မှုလွဲတာကနေ ဂိုးပေးလိုက်ရပါတယ်။ ဒီလိုအနေအထားမျိုးဆိုတာက ဂိုးသမားတစ်ဦးအနေနဲ့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ ထိပ်တန်းအဆင့်အကြောင်းပြောနေတာပါ။ လီဗာပူးအသင်းခံစစ်ပိုင်းကို ကြည့်လိုက်ပါ။ ဗန်ဒိုက် ၊ ရောဘတ်ဆန် ဒါမှမဟုတ် ဆီမီကက်စ်တို့က အဆင်ပြေသလို တည်လည်းတည်ငြိမ်ကြပါတယ်။ ယူနိုက်တက်မှာတော့ အခုလိုနောက်တန်းအမှား နဲ့ ဂိုးသမားအမှားတွေပဲ ဖြစ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဘာရင်ဒါဒဏ်ရာရရှိနေတာကြောင့် အိုနာနာအနေနဲ့ လာမယ့်ဖူလ်ဟမ်နဲ့အက်ဖ်အေဖလားပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။