
ကွန်ဟာ ဟာ ယူနိုက်တက်အတွက် အဲရစ် ကန်တိုနာ လိုမျိုး ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ထောက်ခံလိုက်တဲ့ အိုမာ ဘယ်ရာဒါ
ယူနိုက်တက် စီအီးအို အိုမာ ဘယ်ရာဒါ က ပေါင် ၆၂.၅ သန်း နဲ့ ခေါ်ယူခဲ့တဲ့ မက်သီးယက်စ် ကွန်ဟာ ဟာ သရဲနီတွေ အတွက် အဲရစ် ကန်တိုနာ လိုမျိုး” ကစားသမားဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အိုးထရက်ဖို့ဒ် မှာ ပိုက်ဆံအများကြီး ထပ်သုံးနေပါတယ်။ ဘရာဇီး လက်ရွေးစင် ကွန်ဟာဟာ ပထမဆုံး အပြီးသတ် ခေါ်ယူမှုစာရင်းမှာ ပါဝင်ခဲ့ပြီး အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ဝုဗ် ကနေ သူ့ရဲ့ လျော်ကြေးကို ပေးချေခဲ့ပြီးနောက် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
သူဟာ မိုလီနပ်စ် မှာ နှစ်နှစ်ခွဲကြာ ကစားခဲ့တဲ့ စွမ်းဆောင်ရည်အရ ပရီးမီးယားလိဂ်မှာ သက်သေပြပြီးသား ကစားသမားပါ။ ဆာ အဲလက်စ် ဖာဂူဆန် လက်အောက်မှာ မယုံနိုင်စရာ ဖလားတွေ စတင်ရယူခဲ့တဲ့ ခေတ်အစောပိုင်းက ထူးဆန်းတဲ့ ပြင်သစ် ကစားသမား ကန်တိုနာ လိုမျိုး မန်ချက်စတာမှာ ကောင်းမွန်တဲ့ စွမ်းဆောင်မှုမျိုးကို ပေးနိုင်လိမ့်မယ်လို့ သူ့ကို ထောက်ခံထားပါတယ်။
ဘယ်ရာဒါက ကွန်ဟာ နဲ့ ပတ်သက်ပြီး United We Stand နဲ့ The Athletic တို့ထံ "သူက ပရိသတ်တွေ ချစ်ကြမယ့် ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ သူ့ရဲ့ နည်းစနစ်ပိုင်း အရည်အချင်းတွေကို ပြောလို့ရပြီး သူက မတူညီတဲ့ နေရာသုံးခုမှာ ကစားနိုင်ပါတယ်။ သူက ဖန်တီးနိုင်တဲ့ တိုက်စစ် ကွင်းလယ်လူပါ။ ဂိုးတွေ သွင်းနိုင်တယ်၊ ဂိုးဖန်တီးမှုတွေ လုပ်နိုင်တယ်။ သူက လူတွေကို ထိုင်ခုံကနေ ထစေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူမှာ လူတွေ တကယ်ကြိုက်မယ့် မောက်မာမှု တစ်ခု ရှိတယ်။ ပြောရရင် ကန်တိုနာ လိုမျိုးပါပဲ"
"သူ့ကို ခေါ်နိုင်ခဲ့တာ အရေးကြီးပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး နောက်ထပ် ကစားသမားတွေကို မြန်မြန် ခေါ်ယူသွားပါမယ်။ တချို့အချိန်တွေမှာ မမြန်တာက ညှိနှိုင်းနေတာကြောင့်ပါ။ ကလပ်အတွက် မှန်ကန်တဲ့ တန်ဖိုး ရဖို့ သေချာအောင် ကြိုးစားနေတာပါ။ ဒါကြောင့် ထိရောက်တာ ဒါမှမဟုတ် မြန်ဆန်တာက ကလပ်အတွက် အကောင်းဆုံးအရာ မဟုတ်ပါဘူး" ပြောပါတယ်။
ကွန်ဟာ ကို ယူနိုက်တက် ရဲ့ Project 150 ကို အကောင်အထည်ဖော်ဖို့ ခေါ်ယူခဲ့တာဖြစ်ပြီး ကလပ်ဟာ ၂၀၂၈ ခုနှစ်မှာ နှစ် ၁၅၀ ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့ကို ကျင်းပတဲ့အချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေမှာ ဖလားတွေ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဘယ်ရာဒါက အဲဒီ ရည်မှန်းချက်ကြီးတဲ့ ပစ်မှတ်တွေနဲ့ ပတ်သက်ပြီး "ကျွန်တော်တို့ ခုမှ ၁၅ ရက်နေ့ (ရာသီကုန်) ပြီးသွားတာပါ။ ဒါက မဖြစ်နိုင်တဲ့ အလုပ်လိုပဲ ထင်ရတယ်။ ဒါပေမဲ့ ဘာလို့ မရည်ရွယ်သင့်တာလဲ။ ဘာလို့ ကျွန်တော်တို့ တတ်နိုင်သမျှ အကုန်မလုပ်သင့်တာလဲ"
"ကျွန်တော်တို့ လုပ်နိုင်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ပရီးမီးယားလိဂ်မှာ အနိုင်ရဖို့ ပြိုင်ဆိုင်နိုင်တဲ့ အသင်းတစ်သင်း တည်ဆောက်ဖို့ နွေရာသီ အပြောင်းအရွှေ့ ကာလ နှစ်ခု ဒါမှမဟုတ် သုံးခုလောက် ကျွန်တော်တို့မှာ ရှိပါတယ်။ အဲဒီထက်စောပြီး လုပ်နိုင်ရင်တော့ ကျွန်တော်တို့အားလုံး ပျော်မှာပါ။ ဒါကြောင့် အဲဒီအချိန်အထိ မနိုင်ချင်ဘူးလို့ ဘယ်သူမှ ပြောနေတာ မဟုတ်ပါဘူး" ပြောပါတယ်။
ယူနိုက်တက်ဟာ သူတို့ရဲ့ ၂၀၂၅-၂၆ ရာသီ အစီအစဉ်ကို ဗုဒ္ဓဟူးနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်ဇယား အသစ်တွေ ထွက်လာတဲ့အခါ သိရှိရမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီနွေရာသီမှာ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန် တို့နဲ့ တွေ့ဆုံမယ့်ပွဲတွေ အပါအဝင် အမေရိကန်ပြည်ထောင်စုကို နောက်ထပ် ရာသီကြို ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။