
တော့တင်ဟမ်နဲ့ပွဲစဉ်မတိုင်မီ ယိုရိုနဲ့ ဒါလော့တို့ရဲ့ ဒဏ်ရာအခြေအနေတွေကို အသိပေးလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဒဏ်ရာပြဿနာကိုယ်စီကြုံတွေ့ထားရတဲ့ အသင်းရဲ့ ခံစစ်ကစားသမား လန်နီယိုရို၊ ဒီယေဂိုဒါလော့နဲ့ ဒီလစ်ချ်တို့ဟာ တော့တင်ဟမ်နဲ့ထိပ်တိုက်တွေ့ဆုံသွားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ချေရှိကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
အဆိုပါ ကစားသမား ၃ ဦးစလုံးက အပြုသဘောဆောင်တဲ့အခြေအနေတွေရှိပေမယ့် လူငယ်ဗဟိုခံစစ်ကစားသမား အေဒင်ဟဲဗန်းကတော့ ကြာသပတေးနေ့နံနက်က လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့တယ်လို့သိရပါတယ်။ ဒါလော့အနေနဲ့ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးမဆင်းနိုင်သေးပေမယ့် တစ်ကိုယ်တော်လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေပြီး တိုးတက်မှုတွေရှိနေတယ်လို့ အာမိုရင်ကဆိုပါတယ်။ ဒါကြောင့်လက်ရှိအချိန်မှာ ယူနိုက်တက်အတွက် အစိုးရိမ်ရဆုံးကစားသမားက လန်နီယိုရိုဖြစ်နေပြီး ပြင်သစ်သားဟာ ဝက်စ်ဟမ်းကို ၀-၂ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာ ပြင်းပြင်းထန်ထန်ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
နောက်ခံလူတွေရဲ့အခြေအနေနဲ့ ပတ်သက်ပြီးမေးမြန်းမှုပြုလုပ်ရာမှာ အာမိုရင်က "သူတို့ ပါဝင်ကစားနိုင်မလားဆိုတာ မသေချာသေးပါဘူး။ ဒါပေမယ့် ဗိုလ်လုပွဲက အရမ်းအရေးကြီးလို့ သူတို့ကို တွန်းအားပေးထားပါတယ်။ သူတို့ကိုယ်တိုင်လည်း အဲဒီပွဲမှာ ပါဝင်ကစားချင်ကြပါတယ်"
"သူတို့ ချဲလ်ဆီးနဲ့ပွဲမှာတော့ ကစားနိုင်မယ်မထင်ပါဘူး။ ဒါပေမယ့် ဗိုလ်လုပွဲမှာတော့ သူတို့ပါဝင်နိုင်ချေများပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့နောက်ဆုံးပွဲစဉ် ၅ ပွဲကိုလွဲချော်ခဲ့တဲ့ ဒါလော့နဲ့ပတ်သက်ပြီး ပေါ်တူဂီသားနည်းပြက "ဒါလော့က အရမ်းကြိုးစားနေပါတယ်။ သူ့ကို စွန့်စားမှုမယူစေချင်ပါဘူး။ ဒဏ်ရာပြဿနာရှိနေလျက်နဲ့ပွဲကစားရင်း နောက်ထပ်ဒဏ်ရာထပ်ရသွားရင် အဲဒီပြဿနာက ကြီးပါတယ်။ ဒီလိုပြဿနာမျိုး အသင်းမှာမရှိစေချင်ပါဘူး။ ဒါပေမယ့် သူဘယ်လောက်အထိ ကြိုးစားနိုင်မလဲတော့ စောင့်ကြည့်ရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာမိုရင်က "ဗိုလ်လုပွဲက သာမန်ပွဲတွေနဲ့မတူပါဘူး။ ဒီရာသီက ကျွန်တော်တို့အားလုံးအတွက် ခက်ခဲတဲ့ရာသီတစ်ခုပါ။ အသင်းရဲ့ရလဒ်တွေနဲ့ နည်းပြအပြောင်းအလဲတွေက အသားကျဖို့ခက်ပါတယ်။ ဒါပေမယ့် ဒီဗိုလ်လုပွဲမှာတော့ ကျွန်တော်တို့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်မယ်လို့ အာမခံနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မှာ ဘယ်အရာကပိုအရေးကြီးသလဲလို့မေးမြန်းခဲ့ရာ အာမိုရင်က "ကျွန်တော့်အမြင်အရဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်က ပိုအရေးကြီးပါတယ်။ နောက်ရာသီအတွက် ကျွန်တော်တို့ ပြင်ဆင်သွားရပါမယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့လည်း ယုံကြည်ထားပါတယ်။ ယူရိုပါလိဂ်က မလုံလောက်ပါဘူး။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အကောင်းဆုံးအသင်းဖြစ်လာဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အသင်းနဲ့ ပရိသတ်တွေအကြား အချိတ်အဆက်မိမိနဲ့ ပြိုင်ဘက်ကို ဖိအားပေးနိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း အာမိုရင်က "အပတ်တိုင်း တနင်္ဂနွေနေ့မှာ ပရိသတ်တွေက ကျွန်တော့်ဆီမှာ အမြဲတမ်းအပြည့်အဝအားပေးနေပါတယ်။ ကျွန်တော်တို့ ဒီရာသီအိမ်ကွင်းမှာ ၉ ပွဲအထိရှုံးခဲ့ပေမယ့် ပရိသတ်တွေကတော့ အားပေးနေတုန်းပါပဲ။ ဒါကြောင့် ပရိသတ်နဲ့ ကျွန်တော်တို့ကြားက ချိတ်ဆက်မှုက အရမ်းအရေးကြီးပါတယ်။ သူတို့က ပွဲရဲ့အဖြေကိုလည်း ပြောင်းလဲနိုင်ကြပါတယ်။ ဒါကိုအသုံးချပြီး ကျွန်တော်တို့ ဆုဖလားတွေတောင်ယူနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။