
တောင်ပံကစားသမား ဆာဗင်ဟိုအတွက် အရန်အစီအစဉ်ပြုလုပ်ထားခဲ့တဲ့ မန်စီးတီး
မန်ချက်စတာစီးတီးဟာ အသင်းရဲ့တောင်ပံကစားသမား ဆာဗင်ဟို နွေရာသီအပြောင်းအရွှေ့ကာလအတွင်း တော့တင်ဟမ်သို့ရောင်းချမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းချိန်မှာတော့ ကစားသမားဟာ အီတီဟတ်မှာပဲ ဆက်လက်ကျန်ရှိခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ ဆာဗင်ဟိုကို ဆုံးရှုံးရနိုင်ချေရှိတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့သလို၊ ကစားသမားကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါကလည်း အသင်းမှာဆက်လက်အသုံးပြု ဖို့အတွက် အစီအစဉ်တွေပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ မန်စီးတီးဟာ ဆာဗင်ဟိုကို ရောင်းချဖြစ်ခဲ့ပါက ပီအက်စ်ဂျီတောင်ပံကစားသမား ဘရက်ဒ်လေ ဘာကိုလာကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအနေနဲ့လည်း သူတို့ရဲ့အဖိုးတန်တောင်ပံကစားသမားကို လွယ်လွယ်ကူကူထွက်ခွာခွင့်ပြုမှာမဟုတ်ပေမယ့် မန်စီးတီးဘက်က တရားဝင်ကမ်းလှမ်းမှုပြုလုပ်လာခဲ့ရင်တော့ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ချေရှိတယ်လို့ သတင်းတွေကဆိုပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ဆာဗင်ဟိုတစ်ယောက် တော့တင်ဟမ်သို့မပြောင်းရွှေ့ဖြစ်တာကြောင့် မန်စီးတီးမှာပဲဆက်ရှိနေမှာဖြစ်သလို၊ ဘာကိုလာအနေနဲ့လည်း လီဂူးဝမ်းမှာပဲ ဆက်လက်နေထိုင်သွားရမှာဖြစ်ပါတယ်။
ဆာဗင်ဟိုဟာ ပြီးခဲ့တဲ့ရာသီကမှ ဂျီရိုနာမှ မန်စီးတီးသို့ စတင်ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ပက်ဂွါဒီယိုလာရဲ့ ကစားကွက်မှာ လျင်လျင်မြန်မြန်ပဲအသားကျခဲ့ပြီး ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ ဘရာဇီးသားဟာ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဂွါဒီယိုလာအနေနဲ့ ဆာဗင်ဟိုရဲ့ခြေစွမ်းနဲ့ အရည်အသွေးကိုသဘောကျတာကြောင့် ယခုနွေရာသီမှာ ဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိခဲ့ပြီး ကစားသမားကလည်း မန်စီးတီးမှာ စာချုပ်သက်တမ်း ၃ နှစ်အထိ ကျန်ရှိနေပါသေးတယ်။ ယခုရာသီမှာတော့ ဆာဗင်ဟိုဟာ ဒဏ်ရာပြဿနာကြောင့် မန်စီးတီးအတွက် ပါဝင်ကစားခွင့်မရသေးပေမယ့် ကြံ့ခိုင်မှုပြန်လည်တည်ဆောက်နပြီဖြစ်တာကြောင့် တနင်္ဂနွေနေ့ ယူနိုက်တက်နဲ့ယှဉ်ပြိုင်သွားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာတော့ ပါဝင်ကစားနိုင်ဖို့ အလားအလာရှိနေပါတယ်။