
မိုဒရစ်နဲ့ ပက်ဂွါဒီယိုလာတို့အကြောင်း ဖွင့်ဟပြောပြလာတဲ့ မန်စီးတီးကွင်းလယ်လူ ကိုဗာဆစ်
မန်စီးတီးကွင်းလယ်လူ ကိုဗာဆစ်က ခရိုအေးရှား လက်ရွေးစင်အသင်းဖော် လူကာမိုဒရစ်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ လတ်တလောမှာ ဘော်လွန်းဒီအော်ဆုရှင် ဝါရင့်ကွင်းလယ်လူက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ နီးစပ်နေပါတယ်။
AS သတင်းဌာနနဲ့တွေ့ဆုံချိန် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်း ကိုဗာဆစ်က “မိုဒရစ်လို ကစားသမားမျိုး နောက်တစ်ကြိမ်ပြန်ရဖို့ မဖြစ်နိုင်ပါဘူး။ သူနဲ့အတူရှိနေရတာ ကျွန်တော်တို့ ကံကောင်းလွန်းပါတယ်။ မိုဒရစ်အနားယူချိန်ရောက်သွားမှသာလျှင် သူလုပ်ပေးခဲ့တဲ့ အရာတွေနဲ့ သူလုပ်ပေးနေတဲ့အရာတွေကို ကျွန်တော်တို့ သတိထားမိပါလိမ့်မယ်။ မိုဒရစ်ရဲ့အသက်အရွယ်က ပွဲတွေဆက်ကစားဖို့ဆိုရင် ကြီးမားလွန်းနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ်ကိုကိုယ်ဆီမှ အကောင်းဆုံးတွေကို အမြဲတမ်းမျှော်လင့်နေခဲ့ပါတယ်။ ဒဏ်ရာပြဿနာနဲ့ ကျန်းမာရေးအခြေအနေက အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ဂရုစိုက်သွားရပါမယ်”
“မိုဒရစ်ကတော့ နောက်လူတွေလိုက်လုပ်ဖို့ခက်ခဲတဲ့အထိ စွမ်းဆောင်ပြထားတဲ့ အံ့ဖွယ်ပုဂ္ဂိုလ်တစ်ဦးပါ။ ရီးရဲလ်မက်ဒရစ်ရဲ့ အသက်အကြီးဆုံးကစားသမားဖြစ်သလို အရေးပါတဲ့ကစားသမားအဖြစ်လည်း ဆက်ရှိနေပါတယ်။ ခရိုအေးရှား အသင်းအတွက် သူ့နေရာကိုအစားထိုးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား ကျွန်တော်လည်း မသိပါဘူး။ ကစားသမားတွေအပါအဝင် တစ်သင်းလုံး ဒီအတွက် အလုပ်တွေ လုပ်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ကလပ်အသင်းနည်းပြ ပက်ဂွါဒီယိုလာနဲ့ပတ်သက်လို့ ကိုဗာဆစ်က“ ပက်ဂွါဒီယိုလာဆီမှ အများကြီးသင်ယူသွားနိုင်ပါတယ်။ သူက အသေးစိတ် ရှင်းပြပေးပါတယ်။ ပွဲစဉ်တွေနဲ့ပတ်သက်လို့ သူ့ရဲ့သုံးသပ်ဆင်ခြင်မှုနဲ့ ပြင်ဆင်ပုံတွေက တကယ့်ကို ထိပ်တန်းအဆင့်ဖြစ်ပါတယ်။ ဒီလိုအသင်းမျိုးနဲ့ ဒီလိုအရည်အချင်းရှိတဲ့ နည်းပြမျိုးရှိရာဆီ ရောက်ရှိလာရတာ ဂုဏ်ယူစရာပါပဲ။ အသင်းသစ်တစ်ခုအတွက် ဗွေဆော်ဦးဘောလုံးရာသီဆိုတာ အမြဲလိုလို ခက်ခဲလေ့ရှိပေမယ့် သူတို့တွေက ကျွန်တော့်ကို အကောင်းဆုံးလက်ခံပေးခဲ့သလို ပက်ဂွါဒီယိုလာကလည်း ကျွန်တော့်ကို အများကြီးကူညီပေးခဲ့ပါတယ်”လို့ ပြောပါတယ်။