The network connection is lost.

Banner Image

ခံစစ်စွမ်းဆောင်ရည်တိုးတက်အောင်လုပ်ဆောင်ဖို့ ဗင်နီးစီးယက်စ်၊ အမ်ဘာပေတို့ဆီ အလွန်ဆိုတောင်းဆို

ဆဲလ်ဘတ်နဲ့ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားအုပ်စုအပိတ်ပွဲစဉ်မတိုင်ခင် ဘောလုံးဆုံးရှုံးနေချိန် မိမိလုပ်အားနှုန်းကို မြှင့်တင်ထားကြဖို့ ဗင်နီးစီးယက်စ်၊ အမ်ဘာပေတို့လို ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တွေဆီ နည်းပြအလွန်ဆိုက တောင်းဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ကလပ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်နှစ်ခုကစားပြီးချိန် လေးမှတ်ရရှိထားပြီး ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေး အဆုံးအဖြတ်ခံယူဖို့ ဆဲလ်ဘတ်နဲ့ပွဲစဉ်ကို မနက်ဖြန်မနက်၊ ဖီလာဒဲလ်ဖီးယားရှိ Lincoln Financial Field ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။

အန်ဆယ်လော့တီလက်အောက် ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ဘောလုံးပိုင်ဆိုင်မှုမရှိချိန် ကြိုးစားအားထုတ်မှုနဲ့ပတ်သက်လို့ ဗင်နီးစီးယက်စ်နဲ့ အမ်ဘာပေတို့ ဝေဖန်သံအချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲအတွင်း အလွန်ဆိုက “ ကျွန်တော်တို့အားလုံး ခံစစ်ကို ကာကွယ်ပေးရပါမယ်။ ဒီအတွက် ကွင်းတွင်းမှာရှိနေတဲ့ ကစားသမား ၁၁ ဦးလုံး ပါဝင်ပတ်သက်သွားရပါမယ်။ ပြိုင်ဘက်တွေဟာ သူတို့အပေါ် ကျွန်တော်တို့ ဘယ်လိုပုံစံမျိုးနဲ့ ဖိအားပေးလေ့ရှိသလဲဆိုတာကို မြင်တွေ့သွားဖို့ လိုအပ်ပါတယ်။ ဗင်နီးစီးယက်စ်ပဲဖြစ်ဖြစ်၊ ဘယ်လင်ဟမ်ပဲဖြစ်ဖြစ်၊ ဗယ်လ်ဗာဒီပဲဖြစ်ဖြစ်၊ အမ်ဘာပေပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး အသင်းရဲ့ခံစစ်ပိုင်းမှာ ပါဝင်ပတ်သက်သွားရပါမယ်။

ခံစစ်ကိုကာကွယ်ပေးဖို့ တွန်းအားပေးပြီး ကျွန်တော်တို့အချင်းချင်းကြားမှာ နေရာလွတ်ကျဉ်းကျဉ်းလေးပဲ ရှိနေလေလေ၊ ပိုပြီးတော့ ကောင်းလေလေပါပဲ။ ကျွန်တော်တို့တွေ ဒီအပိုင်းကို ပိုပြီးတော့ တိုးတက်အောင် လုပ်သွားရပါမယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အလုပ်လုပ်နေပြီး ဗင်နီးစီးယက်စ်လည်း ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး အလွန်ဆိုက ဥရောပပြိုင်ဘက်များနဲ့ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ တောင်အမေရိကအခြေစိုက်ကလပ်အသင်းတွေကို မြင်တွေ့ပြီးနောက် ပြိုင်ပွဲရဲ့အဆင့်အတန်းကို ချီးကျူးသွားခဲ့ပါတယ်။  အလွန်ဆိုက “ ဥရောပဘောလုံးလောကရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို ပြင်ပပြိုင်ပွဲကြီးတွေမှာ မြင်တွေ့ရတာ ကောင်းပါတယ်။ မကြာခဏမြင်တွေ့ရလေ့မရှိတဲ့ အသင်းကောင်းတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ အင်တာမီလန်နဲ့ရင်ဆိုင်သွားမယ့် ရေးဗားပလိတ်ကိုလည်း ကျွန်တော်တို့ မြင်တွေ့သွားရပါဦးမယ်။ ဘရာဇီးကလပ်အသင်းတွေလည်း အလားတူပါပဲ။ ပြိုင်ပွဲအစပိုင်းမှာ ကျွန်တော်တို့အားလုံး ဥရောပအခြေစိုက်ကလပ်အသင်းတွေကိုပဲ စောင့်ကြည့်ခဲ့ပေမယ့် ယေဘုယျအားဖြင့် ဘောလုံးမှာ အခုလိုယှဉ်ပြိုင်မှုမျိုးရှိတာ ကောင်းမွန်တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

တကယ်လို့ ရီးရဲလ်မက်ဒရစ်သာ အုပ်စုဗိုလ်ဖြစ်လာမယ်ဆိုရင် ရှုံးထွက်အဆင့်မှာ ပက်ဂွါဒီယိုလာရဲ့မန်စီးတီးလို ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။ ဒါပေမဲ့ အလွန်ဆိုက ဒီအချက်ကို ဆဲလ်ဘတ်နဲ့ပွဲစဉ်မှာ ထည့်သွင်းစဉ်းစားစရာအကြောင်း မရှိဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။

အလွန်ဆိုက “ အနိုင်မရဖို့အကြောင်း စဉ်းစားနေတယ်ဆိုတာ သိပ်ကောင်းလွန်းလှတဲ့ အကြံအစည်မျိုး မဟုတ်ပါဘူး။ ရှင်းရှင်းလင်းလင်းမသိရသေးတဲ့ရည်မှန်းချက်တစ်ခုကို ချမှတ်လိုက်တာမျိုးဆိုတာ မည်သူတစ်ဦးတစ်ယောက်အတွက်မှ ကောင်းမွန်တဲ့သတင်းစကားဖြစ်လာမှာ မဟုတ်ပါဘူး။ မျက်ကန်းမဟုတ်တာကြောင့် ပြိုင်ပွဲလမ်းကြောင်းကိုလည်း မြင်တွေ့ထားပြီးဖြစ်ပေမယ့် အနိုင်ရလဒ်ကိုသာ ဦးတည်ပြီး ယှဉ်ပြိုင်ကစားသွားပါမယ်”လို့ ဆိုပါတယ်။

ပါချူကာနဲ့ပွဲစဉ်အတွင်း အရန်ခုံတန်းမှာသာရှိနေခဲ့တဲ့တိုက်စစ်မှူးရိုဒရီဂိုနဲ့ပတ်သက်လို့ ထင်ကြေးပေးမှုများစွာ ထွက်ပေါ်နေပေမယ့် အလွန်ဆိုကတော့ ဘရာဇီးသားရဲ့စိတ်နေစိတ်ထားနဲ့ပတ်သက်လို့ ကျေနပ်ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ 

အလွန်ဆိုက “ ရိုဒရီဂိုကိုကြည့်ရတာ စိတ်အားထက်သန်မှုအပြည့် ရှိနေပုံပါပဲ။ ပါချူကာနဲ့ပွဲစဉ်ကတော့ နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အထူးအရေးပါတဲ့ ကစားသမားကောင်းတစ်ဦးပါ။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် သူကိုယ်တိုင်ပါဝင်လာလိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။