The network connection is lost.

Banner Image

အာဆင်နယ်ကို ရင်ဆိုင်ဖို့ ဘယ်လိုစီစဉ်ထားသလဲ ထုတ်ဖော်ပြောကြားလာတဲ့ အင်းနရစ်

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ အာဆင်နယ်ကို ရင်ဆိုင်ဖို့အတွက် ထူးထူးခြားခြားပြင်ဆင်ထားခြင်းမရှိဘဲ လီဂူးဝမ်းမှာ ကစားတဲ့ ပုံစံအတိုင်းပဲ ကစားနိုင်ဖို့ စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အလွတ်တည်ကန်ဘောတွေမှာ အားကောင်းတဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ ဖရီးကစ်နဲ့ ထောင့်ကန်ဘောတွေမှတစ်ဆင့် ဂိုးပေါင်းမြောက်မြားစွာသွင်းယူထားနိုင်တာကြောင့် ပီအက်စ်ဂျီအနေနဲ့ အာဆင်နယ်ရဲ့ အလွတ်တည်ကန်ဘောတွေကို ထိန်းချုပ်ဖို့ပြင်ဆင်သင့်တယ်လို့ အကြုံပြုချက်တွေ ပေါ်ထွက်နေပါတယ်။ 

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာလည်း အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ကို ဖရီးကစ်မှတစ်ဆင့် သွင်းဂိုး ၂ ဂိုးအထိရရှိခဲ့တာကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ဖို့ အတော်လေး အထောက်အကူပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီနဲ့ ထိပ်တိုက်တွေ့ဆုံရာမှာလည်း နည်းပြ မီခေးလ်အာတီတာအနေနဲ့ အသင်းရဲ့ အလွတ်တည်ကန်ဘောတွေကို အားပြုပြီး ယှဉ်ပြိုင်လာနိုင်ချေရှိနေတယ်လို့ ဘောလုံးပညာရှင်တွေက သုံးသပ်ထားကြပါတယ်။ 

ယခုအခါမှာ အင်းနရစ်က "အာဆင်နယ်ရဲ့ အလွတ်တည်ကန်ဘောတွေကို ဘယ်လိုထိန်းချုပ်ဖို့ ပြင်ဆင်ထားလဲဆိုတဲ့ မေးခွန်းတွေကို ကျွန်တော်တို့အနေနဲ့ လီဗာပူးကို ကစားခဲ့တဲ့ပုံစံအတိုင်းပဲ ကစားသွားမယ်လို့ ပြန်ဖြေထားပါတယ်။ လီဗာပူးကလည်း အာဆင်နယ်လိုပဲ ဒီပြိုင်ပွဲမှာ အလားအလာအရမ်းရှိခဲ့တဲ့ အသင်းတစ်သင်းပါ"

"ပြီးတော့ အက်စတွန်ဗီလာကလည်း အလွတ်တည်ကန်ဘောတွေမှာ အားကောင်းပါတယ်။ လီဂူးဝမ်းအသင်းတော်တော်များများကလည်း ဒီလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ အလွတ်တည်ကန်ဘောတွေကို အခြေခံပြီး အသင်းရဲ့ကစားပုံကို တည်ဆောက်သွားမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်နေရာမှာမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းတစ်သင်းဖြစ်တယ်ဆိုတာတော့ သက်သေပြသွားပါမယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း အလွတ်တည်ကန်ဘောတွေနဲ့ပတ်သက်ပြီး နည်းဗျူဟာတွေ ပြောင်းလဲထားတာရှိပါတယ်"

"ပြိုင်ဘက်အပေါ်မူတည်ပြီး ထောင့်ကန်ဘောကန်ပုံကန်နည်းတွေကို ပြောင်းလဲအသုံးပြုသွားမှာပါ။ ဒါက ပြိုင်ဘက်အပေါ်မှာမူတည်ပါတယ်။ အလွတ်တည်ကန်ဘောတွေကနေ ကျွန်တော်တို့လည်း ဂိုးသွင်းနိုင်ပြီး အဆင့်အတန်းမနိမ့်ဘူးလို့ ယူဆပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်မှာ ပီအက်စ်ဂျီသို့စတင်ရောက်ရှိခဲ့တဲ့ ဘယ်နောက်ခံလူ နူနိုမန်ဒက်စ်ဟာ မကြာသေးမီက ခံစစ်ကစားပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ သို့သော်လည်း အင်းနရစ်ကတော့ မန်ဒက်စ်ဟာ တိုက်စစ်အားသန်တဲ့ကစားသမားဖြစ်သလို၊ ထူးခြားတဲ့စွမ်းရည်ရှိတာကြောင့် ခွဲထုတ်ပြီး ဝေဖန်တာက တရားမျှတမှုမရှိဘူးလို့ ဆိုပါတယ်။ 

စပိန်သားနည်းပြက "အသင်းရဲ့ကစားသမားတွေထဲကမှ တစ်ယောကတ်တည်းကို ကွက်ပြီးဝေဖန်တယ်ဆိုတာ တရားမျှတမှုမရှိပါဘူး။ လူတိုင်းအမှားလုပ်ကြတာပါပဲ။ နူနိုမန်ဒက်စ်က တိုက်စစ်အားသန်တဲ့ ဖိုက်တာဂျက်တစ်ယောက်ပါ။ အမြဲတမ်း ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ရှိနေတတ်ပါတယ်။ အမှားမလုပ်တဲ့ကစားသမားရှိရင် ကျွန်တော့်ကိုပြစမ်းပါ"

"ကျွန်တော် ဘာစီလိုနာမှာရှိနေတုန်းက သူ့ကြောင့်အခက်ကြုံခဲ့ဖူးပါတယ်။ သူက ထူးခြားတဲ့ကစားသမားပါ။ တိုက်စစ်ရောခံစစ်ပါ ဟန်ချက်ညီညီကစားတတ်ပါတယ်။အားနည်းချက်တွေရှိနိုင်ပေမယ့် သူ့ရဲ့ အရည်အသွေးက အံ့ဩစရာကောင်းတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အက်စတွန်ဗီလာကို ၃-၂ နဲ့အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ဒမ်ဘီလီ ဘာကြောင့် ပွဲစဉ်အကောင်းဆုံးကစားသမားဆုကို လက်ခံဖို့ငြင်းဆိုခဲ့သလဲလို့ မေးမြန်းခဲ့ရာ စပိန်သားနည်းပြက "အက်စတွန်ဗီလာနဲ့ပွဲက ရှုပ်ထွေးတဲ့အခြေအနေတွေရှိခဲ့ပါတယ်။ ပွဲအစမှာ သူတို့ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မထိန်းချုပ်နိုင်တော့ဘဲ သူတို့ ပြန်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒမ်ဘီလီ အသင်းရဲ့ကစားပုံအပေါ်မှာစိတ်ပျက်ပြီး အခုလို ပြုမူခဲ့တာဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ တိုးတက်ဖို့လိုသေးတယ်ဆိုတာ အဲဒီပွဲမှာ မြင်တွေ့ခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။