
ပီအက်စ်ဂျီကစားသမားဘဝ ပွဲဦးထွက်မှာ နည်းပြကြီးအင်းနရစ်ရဲ့ချီးကျူးမှုကိုရရှိခဲ့တဲ့ ဂိုးသမားလေး ချီဗာလီယာ
ပီအက်စ်ဂျီဂိုးသမားသစ် လူးကပ်စ်ချီဗာလီယာဟာ ကြာသပတေးနေ့နံနက်က တော့တင်ဟမ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူအီအက်ဖ်အေစူပါဖလားပွဲစဉ်မှာ ပထမဆုံးအကြိမ်အသင်းအတွက် ပါဝင်ကစားပြီး လက်စွမ်းပြသနိုင်ခဲ့တာကြောင့် နည်းပြကြီး လူးဝစ်အင်းနရစ်ရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။
လက်ရှိပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာဟာ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ထားတာကြောင့် ချီဗာလီယာအနေနဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး တော့တင်ဟမ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူကာ စူပါဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချီဗာလီယာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ လိုင်လီမှ ပီအက်စ်ဂျီသို့စတင်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ပီအက်စ်ဂျီဟာ တော့တင်ဟမ်ကို နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ်ရောက်မှသာ ချီဗာလီယာရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စူပါဖလားကို ဆွတ်ခူးနိုင်ခ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အင်းနရစ်က "ပီအက်စ်ဂျီဆိုတာ ဒါပါပဲ။ ကျွန်တော်တို့က ဖိအားတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ကောင်းကောင်းသိနေကြပါပြီ။ ကျွန်တော်တို့ဂိုးသမား လူးကပ်စ်ချီဗာလီယာက ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်ပါ။ အသင်းမှာ ချက်ချင်းပဲ အံဝင်ခွင်ကျဖြစ်နေပါတယ်။ သူ့အလုပ်သူလုပ်ခဲ့လို့ အခု ကျွန်တော်တို့သူ့ကို ဆုဖလားတစ်လုံးနဲ့ ကြိုဆိုနိုင်ခဲ့ပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စပိန်သားနည်းပြက "အားလုံးက ချီဗာလီယာအနေနဲ့ ဒွန်နာရမ်မာနေရာကို ဆက်ခံရမှာဖြစ်လို့ မလွယ်ကူကြောင်း ပြောကြပေမယ့် ချီဗာလီယာက သူဘာကောင်လဲဆိုတာ ပြလိုက်ပါပြီ။ ဒါက သူ့အတွက် တာထွက်ကောင်းစေခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကိုခေါ်ယူလိုက်နိုင်လို့ ဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ပီအက်စ်ဂျီဟာ လီဂူးဝမ်းအဖွင့်ပွဲစဉ်အဖြစ် နန့်စ်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။