The network connection is lost.

Banner Image

အာနိုးလ်နေရာမှာ ကစားသမားသစ်အစားထိုးဖို့ လီဗာပူးပြင်ဆင်

လီဗာပူးဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာသွားမယ့် အဓိကနောက်ခံလူ ထရန့်အလက်ဇန်းဒါးအာနိုးလ်ရဲ့ နေရာမှာ ကစားသမားသစ်နဲ့အစားထိုးဖို့ အခုချိန်ကတည်းက စတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံးကို လီဗာပူးမှာဖြတ်သန်းခဲ့တဲ့ အာနိုးလ်ဟာ ယခုနှစ်ရာသီအကုန်မှာတော့ အန်ဖီးလ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ 

အခုလိုအာနိုးလ်ရဲ့လုပ်ရပ်ကို လီဗာပူးပရိသတ်အချို့က ကျေနပ်နိုင်ခြင်းမရှိကြဘဲ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ပွဲကြည့်စင်ကနေ လှောင်ပြောင်သရော်ခဲ့ကြပါတယ်။ လီဗာပူးပရိသတ်တွေက အာနိုးလ် မရှိလည်း အသင်းရဲ့ အကယ်ဒမီထွက်ကစားသမား ကော်နာဘရက်ဒ်လေရှိတယ်လို့ သံပြိုင်ကြွေးကြော်ခဲ့ကြပါတယ်။ 

သို့သော်လည်း လီဗာပူးဘက်ကတော့ ဘရက်ဒ်လေကို နေရာပေးသွားဖို့မရှိဘဲ အာနိုးလ်ရဲ့နေရာကို ကစားသမားသစ်နဲ့ ဖြည့်ဆည်းသွားဖို့ ပြင်ဆင်နေပါတယ်။ ဂျာမနီအခြေစိုက် Sky သတင်းဌာနရဲ့အဆိုအရ လီဗာပူးဟာ အာနိုးလ်ရဲ့နေရာမှာ လေဗာကူဆင်နောက်ခံလူ ဂျရယ်မီ ဖရင်မ်ပေါင်နဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ 

လီဗာပူးအနေနဲ့ အခြားနောက်ခံလူတွေကိုလည်း ပစ်မှတ်ထားစောင့်ကြည့်နေပေမယ့် လောလောဆယ်မှာတော့ ဖရင်မ်ပေါင်ကိုခေါ်ယူနိုင်ဖို့က အဖြစ်နိုင်ဆုံးအခြေအနေရောက်နေတယ်လို့ သိရပါတယ်။ ဖရင်မ်ပေါင်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ပေါင် ၂၉ သန်းမှ ၃၃ သန်းအကြားရှိမယ်လို့ ခန့်မှန်းရပြီး နယ်သာလန်လက်ရွေးစင်တစ်ဦးလည်းဖြစ်ပါတယ်။ 

ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်နဲ့အတူ အမှတ်ပေးဖလားနဲ့ ပြည်တွင်းဖလားချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၉-၂၀ ခုနှစ်ရာသီမှာလည်း ဆဲလ်တစ်နဲ့အတူ စကော့တလန်အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ လေဗာကူဆင်သို့ စတင်ရောက်ရှိခဲ့တဲ့ ဖရင်မ်ပေါင်ဟာ အသင်းအတွက် စုစုပေါင်း ပွဲ ၁၉၀ ကစားပေးထားပြီး ဂိုး ၃၀ သွင်းယူကာ ဂိုးဖန်တီးမှု ၄၄ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။ နယ်သာလန်သားဟာ လေဗာကူဆင်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် လီဗာပူးအနေနဲ့ ခေါ်ယူနိုင်ဖို့ အလားအလာများနေတယ်လို့သိရပါတယ်။ 

ဖရင်မ်ပေါင်ဟာ ကစားသမားဘဝကို မန်စီးတီးအကယ်ဒမီကနေ စတင်ခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဆဲလ်တစ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ နောက်ရာသီ ပရီးမီးယားလိဂ်ဖလားအပါအဝင် ရနိုင်သမျှဆုဖလားအားလုံးကို ပစ်မှတ်ထားနေတဲ့ လီဗာပူးအနေနဲ့ နောက်တန်းကို အင်အားဖြည့်တင်းဖို့ ဖရင်မ်ပေါင်ကို ခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။