The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်တစ်ကြိမ်ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ မျှော်လင့်ထားတဲ့ အန်းစလော့

လီဗာပူးကို ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့အသင်းစာရင်းမှာ ထည့်သွင်းထားမှုအပေါ် အန်းစလော့က သဘောတူပေမယ့် အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေကြောင့် ပြိုင်မြင်းတစ်ကောင်တည်းပြေးတဲ့ပြိုင်ပွဲဖြစ်လာလိမ့်မယ်ဆိုတာကိုတော့ ထူးဆန်းတဲ့အတွေးအခေါ်ပဲလို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိချန်ပီယံတွေက အခုနွေရာသီကာလအတွင်း ဖလော်ရီယန်ဝစ်ဇ်၊ ဖရင်းပေါင်၊ ကာကက်ဇ်တို့အပါအဝင် ကစားသမားသစ်တွေကို ပေါင်သန်း ၃၀၀ နီးပါးအသုံးပြုကာ ခေါ်ယူထားပြီး ရာသီသစ်မစတင်ခင် သိသိသာသာအင်အားဖြည့်တင်းထားပါတယ်။ ဒါ့အပြင် အသင်းရဲ့တန်ဖိုးကြီးကာလရှည်ပစ်မှတ် အီဆက်ခ်ကိုလည်း အမိအရခေါ်ယူနိုင်ဖို့ ငွေကြေးသုံးစွဲမှုတွေ ရှိလာနိုင်ပါတယ်။

အခုလိုကြီးမားတဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေရှိပေမယ့် အန်းစလော့က အခုဘောလုံးရာသီသစ်အတွက် အမှတ်ပေးချန်ပီယံဖြစ်လာနိုင်မယ့်အခြေအနေတွေအကြောင်း ဆွေးနွေးချိန်မှာ လူးဝစ်ဒီယက်ဇ်၊ ကွင်ဆာ၊ ကလယ်ဟာ၊ တိုင်လာမော်တန်၊ နက်ဖီးလစ်တို့ကိုရောင်းချမှုမှ ပြန်လည်ရရှိခဲ့တဲ့ ပေါင်သန်း ၁၅၀ နီးပါး ငွေလုံးငွေရင်းပမာဏကို ထောက်ပြရင်း မတူညီတဲ့အမြင်တစ်ခုကို ချပြလာခဲ့ပါတယ်။

အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးတို့ ရေပန်းစားနေသလားဆိုတဲ့ မေးခွန်းကို အန်းစလော့က “ နောက်ဆုံးဘောလုံးရာသီမှာ ဗိုလ်စွဲထားလို့ လာမယ့်ဘောလုံးရာသီသစ်အတွက် ရေပန်းအစားဆုံးအသင်းစာရင်းမှာ ပါဝင်လာတယ်ဆိုတာ သာမန်အခြေအနေပဲ ဖြစ်ပါတယ်။ ငွေကြေးသုံးစွဲမှုတွေကို ထောက်ပြပြောဆိုမယ်ဆိုရင်တော့ ကျွန်တော့်အတွက် သာမန်အခြေအနေ မဟုတ်တော့ပါဘူး။ 

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုတာကာလကိုပြန်ကြည့်ပြီး ကျွန်တော်တို့ရဲ့အသားတင်အသုံးစရိတ်ကို အခြားအသင်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အသာစီးရရှိနေတာမျိုးကို မတွေ့ရနိုင်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်း ဗိုလ်စွဲခဲ့လို့ ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်တယ်ဆိုတာ လုံးဝကိုသာမန်အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ စကားမဆက်.. ကျွန်တော်တို့လည်း အခြားအသင်းတွေလိုပဲ ကစားသမားကောင်းတွေ ခေါ်ယူခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ငွေသုံးစွဲမှုတွေအရ ကျွန်တော်တို့သာလျှင် ရေပန်းအစားဆုံးဖြစ်သင့်တယ်လို့ ပြောလာမယ်ဆိုရင် အတော်လေးထူးဆန်းတယ်လို့ ရှုမြင်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လည်း ကစားသမားအများစုကို ပြန်ဆုံးရှုံးထားရလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဗိုလ်စွဲခဲ့လို့ အခုဘောလုံးရာသီအတွက် ရေပန်းအစားဆုံးစာရင်းမှာ ပါဝင်လာတယ်ဆိုတာ ရှင်းပါတယ်။ ပြီးတော့ ရည်မှန်းချက်တွေလည်း မပြောင်းလဲပါဘူး။ ကလပ်အသင်းရဲ့ရည်မှန်းချက်ကိုက ဆုဖလားတိုင်းအတွက် အမြဲတမ်းယှဉ်ပြိုင်နိုင်စွမ်းရှိနေဖို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

လီဗာပူးက အခုညပိုင်း၊ ဝင်ဘာလေကွင်းမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။ ဒီနောက်မှာတော့ သူတို့တွေက သြဂုတ် ၁၅ ရက်၊ အန်ဖီးလ်ကွင်းမှာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ဘုန်းမောက်ကို ဧည့်ခံကစားရပါမယ်။