ပြင်သစ်နဲ့ပွဲအပြီး အိပ်မက်ဆန်တဲ့ ကမ္ဘာ့ဖလားအတွေ့အကြုံနဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ ကွန်ဆာ
ဖီဖာကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ ပြင်သစ်အသင်းကို ၆-၄ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အက်ဇရီ ကွန်ဆာက အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ဂုဏ်ယူဝမ်းမြောက်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အက်စတွန်ဗီလာ နောက်ခံလူဟာ ပွဲချိန် ၁၉ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်ဂိုးသွင်းယူပေးခဲ့ပြီး အင်္ဂလန်အသင်းကို ၁၉၆၆ ခုနှစ်နောက်ပိုင်း အကောင်းဆုံး ကမ္ဘာ့ဖလားရလဒ်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ကွန်ဆာက သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားအတွေ့အကြုံကို ပြန်လည်သုံးသပ်ရာမှာ အင်္ဂလန်အသင်းကို ကိုယ်စားပြုပြီး အကြီးကျယ်ဆုံးစင်မြင့်ထက်မှာ ကစားခွင့်ရတာဟာ ငယ်စဉ်ကတည်းက အိပ်မက်တစ်ခုဖြစ်ကြောင်းနဲ့ သူ့ရဲ့အောင်မြင်မှုအတွက် မိသားစုဝင်တွေလည်း အတိုင်းအထက်အလွန် ဂုဏ်ယူနေကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
"ဒါဟာ ကျွန်တော် ငယ်ငယ်ကတည်းက မက်ခဲ့ဖူးတဲ့ အိပ်မက်တစ်ခုပါ။ ပွဲစဉ်တစ်ပွဲကလွဲလို့ ကျန်တဲ့ပွဲတွေအားလုံးမှာ ပါဝင်ကစားခွင့်ရခဲ့သလို ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့တာကလည်း တကယ့်ကို ထူးခြားပြီး မယုံနိုင်စရာကောင်းတဲ့ ခံစားချက်ပါပဲ" လို့ သူက အက်စတွန်ဗီလာ ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။
"အိမ်မှာ စောင့်ကြည့်နေမယ့် ကျွန်တော့်မိသားစုတွေလည်း အရမ်းဂုဏ်ယူနေကြမယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါကြောင့် ဒါဟာ ကျွန်တော့်အတွက်တော့ ထူးခြားတဲ့ ပြိုင်ပွဲတစ်ခုပါပဲ"
"ဒါဟာ နှစ်ပေါင်း ၆၀ အတွင်းမှာ ကျွန်တော်တို့ရဲ့ အမြင့်မားဆုံး ရလဒ်တစ်ခုဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဆုတံဆိပ်တစ်ခု ရရှိခဲ့တယ်၊ ဒါဟာ ဘာမှမရတာထက်စာရင် ပိုကောင်းပါတယ်။ အသင်းဖော်တွေအတွက်ရော ကျွန်တော်တို့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေအတွက်ပါ တကယ်ကို ဂုဏ်ယူမိပါတယ်"
"ဒီမှာ ၇ ပတ်ကြာအောင် နေထိုင်ရတာ မလွယ်ကူသလို မိသားစုတွေနဲ့ ခွဲခွာနေရတာမျိုးလည်း ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံး ရှိခဲ့ကြတယ်။ ကျွန်တော်တို့မှာ တကယ့်ကို ကောင်းမွန်ပြီး ထူးခြားတဲ့ အစုအဖွဲ့တစ်ခု ရှိခဲ့ပါတယ်၊ အသင်းဖော်တွေအတွက် ဂုဏ်ယူသလို အခုလို အနိုင်ရလဒ်နဲ့ အဆုံးသတ်နိုင်ခဲ့တဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်" လို့ ကွန်ဆာက ပြောကြားခဲ့ပါတယ်။