
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ အင်တာမီယာမီမှ ထွက်ခွာဖွယ်ရှိတဲ့ မက်ဆီ
အင်တာမီယာမီတိုက်စစ်ကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ဆက်လက်ပါဝင်ဖို့စိတ်အားထက်သန်နေတာကြောင့် လက်ရှိကလပ် မီယာမီကနေထွက်ခွာပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်တစ်ခုသို့ပြောင်းရွှေ့ကစားသွားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
နာမည်ကျော်ဂျာနယ်လစ် အက်စတီဘန်အက်ဒူလ်ရဲ့အဆိုအရ မက်ဆီဟာ အင်တာမီယာမီနဲ့ စာချုပ်သက်တမ်းတိုးမြှင့်သွားမှာမဟုတ်ဘဲ ၂၀၂၅ အကုန်မှာပဲ အသင်းနဲ့လမ်းခွဲဖွယ်ရှိတယ်လို့သိရပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အင်တာမီယာမီနဲ့ ၂၀၂၃ ခုနှစ်မှာစတင်လက်တွဲခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်အကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အက်ဒူလ်က မက်ဆီဟာ မေဂျာလိဂ်ထက် ပိုမိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်တစ်ခုမှာကစားလိုနေပြီး အမေရိကန်မှာကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဆင်သင့်ပြင်ထားလိုတယ်လို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ မက်ဆီဟာ အင်တာမီယာမီနဲ့ နောက်ထပ် ၁၂ လ စာချုပ်သက်တမ်းမတိုးဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။
နောက်ထပ်နာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုက "မက်ဆီဟာ အင်တာမီယာမီနဲ့ ၂၀၂၅ အကုန်အထိ စာချုပ်ရှိပါတယ်။ ကစားသမားဘက်ရော၊ အသင်းဘက်ကပါ ဆက်လက် လက်တွဲဖို့စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် သဘောတူညီမှုရဖို့အတွက် လိုအပ်တဲ့ဆွေးနွေးမှုတွေတော့ ပြုလုပ်သွားရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။
ဂျာနယ်လစ် ဘလာဂူကလည်း မက်ဆီရဲ့မိသားစုဟာ အမေရိကန်မှာပျော်ရွှင်နေတာကြောင့် မက်ဆီအနေနဲ့လည်း အင်တာမီယာမီနဲ့ပဲ ဆက်လက် လက်တွဲသွားဖွယ်ရှိတယ်လို့ဆိုပါတယ်။ ဘလာဂူက "ပဲရစ်မှာ ၂ နှစ်နေခဲ့ပြီး မပျော်ခဲ့တဲ့မက်ဆီအနေနဲ့ မီယာမီမှာတော့ ပျော်ရွှင်မှုကိုရှာတွေ့ထားပါတယ်။ သူ့ရ့မိသားစုကလည်း မီယာမီမှာ အဆင်ပြေနေပါတယ်။ မက်ဆီရဲ့ဇနီး အန်တိုနယ်လာက အမေရိကန်မှာ စီးပွားရေးလုပ်ငန်းတွေလုပ်နေသလို၊ သူတို့ရဲ့သား ၃ ယောက်ကလည်း လူငယ်အသင်းတွေမှာ ကစားနေပါပြီ။ ပြီးတော့ မက်ဆီကလည်း သူ့သားတွေရဲ့ပွဲတိုင်းကို အမြဲတမ်းသွားကြည့်နေတာပါ" လို့ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာတော့ အင်တာမီယာမီဟာ ကလပ်ကမ္ဘာ့ဖလား ရှုံးထွက် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီကို ၄ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ထားခဲ့ရပြီဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ မီယာမီဟာ မေဂျာလိဂ်ပွဲစဉ်အဖြစ် မွန်ထရီရယ်နဲ့ယှဉ်ပြိုင်သွားရပါမယ်။