ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အင်ဖန်တီနိုကို မြင်ချင်နေတဲ့ ဒေါ်နယ်ထရမ့်
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကို ကုလသမဂ္ဂ(UN) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ပိတ်ရက်၊ ကမ္ဘာ့ဖလားဆုပေးပွဲအခမ်းအနားအတွက် ကွင်းတွင်းဝင်ရောက်လာတဲ့ သမ္မတထရမ့်နဲ့ အင်ဖန်တီနိုတို့ကို ပရိသတ်တွေက အကြီးအကျယ်လှောင်ပြောင်ခဲ့ကြပါတယ်။
အခုနွေရာသီကာလအတွင်း အငြင်းပွားစရာတွေ အများကြီးပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတကတော့ ဝေဖန်မှုတွေ ဘယ်လောက်ပွဲရှိနေပါစေ၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာ့သမိုင်းတလျှောက် အအောင်မြင်ဆုံးအားကစားပွဲတော်ကြီး ဖြစ်နိုင်တယ်လို့ တင်စားပြောဆိုခဲ့ပါတယ်။
The Telegraph နဲ့ The Sun သတင်းစာတွေရဲ့ ဖော်ပြချက်အရ ထရန့်က အင်ဖန်တီနိုကို ကမ္ဘာတစ်ဝှမ်းရှိ လူသားတိုင်းရဲ့လေးစားမှု ရရှိထားသလို လူသားတိုင်း စည်းလုံးလာအောင် လုပ်နိုင်တဲ့ ထူးခြားတဲ့စွမ်းရည်ရှိသူအဖြစ် ယုံကြည်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီဆွစ်လူမျိုးဘောလုံးလောကအကြီးအကဲကို အမေရိကန်သမ္မတက ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် မြင်ချင်နေခြင်း ဖြစ်ပါတယ်။
လက်ရှိကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်က ၂၀၂၆ ခုနှစ်ကုန်ဆုံးချိန်မှာ သူ့ရဲ့ ဒုတိယမြောက်သက်တမ်းကို အဆုံးသတ်သွားပါလိမ့်မယ်။ သတင်းတွေအရ ဂူတာရက်စ်နေရာကို အစားထိုးဖို့ ရေပန်းစားနေသူတွေအနက် ချီလီသမ္မတဟောင်း မီရှဲလ်ဂျီးရီးယား၊ IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်ဂရော့ဆီ၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုညီလာခံ အတွင်းရေးမှူးချုပ် ရီဘက်ကာ မေယူးဖစ် နဲ့ ဆီနီဂေါသမ္မတဟောင်း မက်ကီဆောလ် တို့ ပါဝင်နေတယ်လို့ သိရပါတယ်။
အင်ဖန်တီနိုသာ ဒီရာထူးကို တကယ်ယူမယ်ဆိုရင်တော့ လစာနှုန်းထား အတော်လေးလျော့ကျသွားနိုင်ပါတယ်။ The Sun ရဲ့ဖော်ပြချက်အရ သူက လက်ရှိရနေတဲ့ လစာ ဒေါ်လာ ၆ သန်း (ပေါင် ၄.၄၈ သန်း)မှ ဒေါ်လာ ၄၁၈,၀၀၀ (ပေါင် ၃၁၂,၀၀၀) အထိ အများအပြား လျော့နည်းသွားနိုင်သွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီအပြောင်းအလဲ ဖြစ်လာဖို့တော့ သိပ်မလွယ်ဘူးလို့ ယူဆရပါတယ်။
ထရမ့်နဲ့ အင်ဖန်တီနိုတို့အကြားမှာ အတော်လေးခိုင်မာတဲ့ ဆက်ဆံရေး ရှိထားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း သူတို့နှစ်ဦးအကြား အကြီးမားဆုံးအငြင်းပွားစရာဖြစ်ခဲ့မှုကတော့ အမေရိကန်ကြယ်ပွင့်ဘာလိုဂန်ရဲ့ အနီကတ်ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ပေးဖို့ ဖီဖာဥက္ကဋ္ဌဆီ ထရမ့်ကိုယ်တိုင် ဖုန်းဆက်ပြောဆိုမှုပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘာလိုဂန်ရဲ့ပွဲပယ်ပြစ်ဒဏ်က အားလုံးအံ့ဩသွားရလောက်အောင် ပျက်ပြယ်သွားခဲ့ပါတယ်။