The network connection is lost.

Banner Image

မက်ဆီနဲ့ ပြန်လည်ဆုံတွေ့မယ့်အခွင့်အရေးကို ငြင်းပယ်ပြီး အင်တာမိုင်ယာမီရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ပက်ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက တပည့်ဟောင်းမက်ဆီနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရရှိမယ့် အင်တာမိုင်ယာမီအသင်းရဲ့နည်းပြသစ်တာဝန် ယူပေးဖို့ဆိုတဲ့ ဆာဒေးဗစ်ဘက်ခမ်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့လ၊ အာဂျင်တီးနားလူမျိုးမာရှေရာနိုနဲ့ လမ်းခွဲပြီးနောက် ဒေးဗစ်ဘက်ခမ်းက နည်းပြသစ်နေရာအတွက် ပက်ဂွါဒီယိုလာကို နံပါတ်တစ်ဦးစားပေးအဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ဂွါဒီယိုလာနဲ့ မက်ဆီတို့က ဘာစီလိုနာအသင်းမှာ အတူလက်တွဲခဲ့ချိန်၊ လာလီဂါချန်ပီယံဆုဖလား သုံးကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလား နှစ်ကြိမ်အပါအဝင် ဆုဖလားအများအပြားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့နှစ်ဦးအကြား ပြန်လည်ဆုံတွေ့ဖို့ အစီအစဉ်မရှိသေးဘဲ ဒီစပိန်လူမျိုးနည်းပြက အင်တာမိုင်ယာမီအသင်းနည်းပြသစ်အဖြစ် ကမ်းလှမ်းမှုကို ပယ်ချလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဘက်ခမ်းနဲ့ အင်တာမိုင်ယာမီအသင်းတာဝန်ရှိသူတွေဟာ မန်စီးတီးမှထွက်ခွာလာတဲ့ ပက်ဂွါဒီယိုလာကို သူတို့အသင်းဆီ ဆွဲဆောင်ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပြီး မာရှေရာနိုရဲ့နေရာကို အစားထိုးဖို့အတွက် အချိန်ယူစောင့်ဆိုင်းနေကြပါတယ်။

ဒါပေမဲ့ ဒီစပိန်လူမျိုးနည်းပြက မန်စီးတီးအသင်းနဲ့အတူ အောင်မြင်မှုတွေနဲ့ ပြည့်နှက်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကြာကာလအပြီး ဘောလုံးလောကမှ အချိန်အတော်ကြာအနားယူသွားဖို့ အစီအစဉ်ရှိတယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ သူ့ကို နိုင်ငံလက်ရွေးစင်အသင်းတစ်ခုရဲ့နည်းပြ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံ့လက်ရွေးစင်ဘောလုံးလောကကို ဂွါဒီယိုလာအတွက် နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် ယူဆနိုင်ပြီး သူနဲ့ နီးစပ်သူတွေကိုယ်တိုင်လည်း အနာဂတ်အတွက် အဲဒီလမ်းကြောင်းကို စဉ်းစားနေတယ်လို့ ပြောကြားခဲ့ဖူးတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဆောက်ဂိတ် နုတ်ထွက်သွားပြီးနောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က မန်စီးတီးနည်းပြဟောင်းကို ခန့်အပ်ဖို့ စိတ်ဝင်စားခဲ့ဖူးပေမဲ့ အဲ့ဒီအချိန်တုန်းက အီတီဟတ်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းရှိနေသေးလို့ အဆင်မပြေခဲ့ပါဘူး။

ဂွါဒီယိုလာက မန်ချက်စတာမြေမှာ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ချိန်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ခြောက်ကြိမ်၊ အက်ဖ်အေဖလား သုံးကြိမ်၊ လိဂ်ဖလား ငါးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ဆွတ်ခူးခဲ့ပြီး ပရီးမီးယားလိဂ်ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ တကယ်လို့ သူသာ နည်းပြလောကဆီ ပြန်လည်ဝင်ရောက်မယ်ဆိုရင် အမေရိကန်မေဂျာလိဂ်ဆီ ချက်ချင်းရောက်ရှိလာဖို့တော့ မသေချာသေးပါဘူး။