The network connection is lost.

Banner Image

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အာဂျင်တီးနား ပရိသတ်များထံ သတင်းစကားပါးလိုက်တဲ့ မက်ဆီ

တနင်္ဂနွေနေ့ (ဇူလိုင် ၁၉ ရက်) က စပိန်အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် လီယွန်နယ် မက်ဆီက အာဂျင်တီးနား ပရိသတ်တွေဆာ သတင်းစကား ပါးလိုက်ပါတယ်။

မက်ဆီနဲ့ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဒုတိယအကြိမ် ဆက်တိုက် ဆွတ်ခူးဖို့ မျှော်လင့်ခဲ့ကြပေမဲ့ အရေးကြီးဆုံးသော ပွဲစဉ်မှာ စပိန်အသင်းရဲ့ ထိန်းချုပ်ကစားမှုကို အလူးအလဲ ခံခဲ့ရတာပါ။

အာဂျင်တီးနားအသင်းဟာ ပွဲချိန် မိနစ် ၁၂၀ အတွင်း ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှ မရရှိခဲ့သလို စပိန်အသင်းရဲ့ ဂိုးစည်းဧရိယာအတွင်း ဘောလုံးထိချက် ၈ ကြိမ်ပဲ ရှိခဲ့ပါတယ်။ ပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ဖာရန် တောရက်စ် က သွင်းယူပေးခဲ့တာပါ။

အသက် ၃၉ နှစ်အရွယ် မက်ဆီဟာ ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့ရတဲ့ ဒီပွဲအပြီးမှာ အင်စတာဂရမ် (Instagram) ကနေတစ်ဆင့် အာဂျင်တီးနား ပရိသတ်တွေထံ အခုလို ရင်ဖွင့်စကား ဆိုထားပါတယ်။

"ခံစားရတဲ့ နာကျင်မှုကတော့ တကယ်ကို ကြီးမားလှပြီး ဒီဒဏ်ရာ ကျက်သွားဖို့ အချိန်တစ်ခု ယူရပါဦးမယ်။

ဒါပေမဲ့လည်း ကျွန်တော်တို့ စွမ်းကုန်ထုတ်သုံးပြီး အကောင်းဆုံး အဖတ်ဆယ်ခဲ့ကြတဲ့ ပွဲစဉ်တွေနဲ့ အမြဲတမ်း အမှတ်ရနေမယ့် စိတ်လှုပ်ရှားစရာ ခဏတာ အခိုက်အတန့်လေးတွေကိုပဲ စွဲကိုင်ထားဖို့ ကျွန်တော် ရွေးချယ်ပါတယ်။

ဒီအသင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့အတူ ကျွန်တော်တို့ကို ကမ္ဘာ့အကောင်းဆုံး အသင်းတွေကြား ထိပ်ဆုံးရောက်အောင် နောက်တစ်ကြိမ် ဝိုင်းဝန်းတွန်းပို့ပေးခဲ့တဲ့ တစ်နိုင်ငံလုံးရဲ့ အားပေးထောက်ခံမှုကိုလည်း အမြဲတမ်း အမှတ်ရနေမှာပါ။

ဒီနေ့မှာတော့ ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုကို တန်ဖိုးဖြတ်ဖို့ ခက်ခဲနေနိုင်ပေမဲ့… ဒီအသင်းဟာ နှစ်ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာ အမှန်တကယ်ပဲ ဖြစ်ပါတယ်။

ဆုတောင်းပေးကြတဲ့၊ သတင်းစကား ပါးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

တစ်ခါပြန်ပြီး ကျွန်တော်တို့ နိုင်ငံအနေနဲ့ စည်းလုံးညီညွတ်စွာ ပေါင်းစည်းနိုင်ခဲ့ကြသလို၊ အာဂျင်တီးနားနိုင်ငံသား ဖြစ်ရတာကိုလည်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ အတူတကွ မျှဝေခံစားနိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလား ရရှိသွားတဲ့ စပိန်အသင်းကိုလည်း ဂုဏ်ပြုစကား ပြောကြားလိုပါတယ်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။