ဘိုင်ယန်ကစိတ်ဝင်စားနေချိန်မှာ အသင်းပြောင်းချင်နေတဲ့ လေဗာကူဆင်စတား
သတင်းတွေအရ လေဗာကူဆင်စတား ဂျိုနသန်တက်ချ်တစ်ယောက် ဘိုင်ယန်ကစိတ်ဝင်စားနေချိန်မှာ အသင်းကနေ ထွက်ခွာဖို့ အလိုရှိနေတယ်လို့သိရပါတယ်။ တက်ချ်ဟာ ၂၀၁၅ ကတည်းက လေဗာကူဆင်အသင်းမှာကစားခဲ့တာဖြစ်ပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ် အသင်းအတွက် ပွဲပေါင်း ၂၅၀ ကျော်ပါဝင်ကစားပေးထားပါတယ်။
အသက် ၂၈ နှစ်သားဟာ ဂျာမနီအသင်းမှာပါဝင်ခွင့်ရရှိနေပြီး လက်ရှိနာဂယ်စမန်းရဲ့အသင်းမှာလည်း ပါဝင်ခွင့်ရရှိနေပါတယ်။ဒါ့အပြင် တက်ချ်ဟာ ပြီးခဲ့တဲ့ရာသီ လေဗာကူဆင်အသင်း ပြိုင်ပွဲစုံရှုံးပွဲ ၁ ပွဲပဲကြုံတွေ့ချိန်မှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဂျာမန်သားအသင်းကနေ ထွက်ခွာမှုက လေဗာကူဆင်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာဖွယ်ရှိနေပါတယ်။ စကိုင်းဂျာမနီသတင်းဌာနကလည်း တက်ချ်ဟာ အသင်းကနေ ထွက်ခွာဖို့များနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ တက်ချ်ရဲ့စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်မချုပ်ဆိုတော့တာကြောင့် လာမယ့်နွေရာသီမှာ အလွတ်နဲ့ထွက်ခွာဖို့များနေပါတယ်။
ဒါပေမယ့် လေဗာကူဆင်အသင်းအပြောင်းအရွှေ့ပေါ်လစီမှာ ကစားသမားတွေကို အလွတ်နဲ့ထွက်ခွာခွင့်မပေးတာကြောင့် အသင်းဘက်က ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ တက်ချ်ကို ဘိုင်ယန်က စိတ်ဝင်စားနေပြီး နည်းပြသစ် ကွန်ပနီက ရာသီသစ်မတိုင်ခင် ခေါ်ယူချင်နေပါတယ်။ ဘိုင်ယန်ဘက်က ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် လေဗာကူဆင်ဘက်က ယူရိုသန်း ၄၀ ကနေ ၄၅ သန်းကြားတောင်းဆိုဖွယ်ရှိနေပါတယ်။
ဒါပေမယ့် ပြောင်းရွှေ့ကြေးကွာဟမှုကိုတော့ ညှိနှိုင်းရဖို့များနေပါတယ်။ လေဗာကူဆင်ဘက်ကလည်း ရာသီသစ်မတိုင်ခင် ရန်းနက်စ်နောက်ခံလူ ဘာလိုကန် နဲ့ ဂီရိုနာကွင်းလယ်လူ ဂါစီယာတို့ကိုခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
လေဗာကူဆင်ဟာ အဓိကကစားသမားတွေကို လက်လွှတ်နေရပြီး နောက်ခံလူ စတန်နီဆစ်ကလည်း အငှားစာချုပ်ပြည့်ခဲ့ပြီဖြစ်တာကြောင့် ဘိုင်ယန်ထံပြန်သွားခဲ့ပြီဖြစ်ပါတယ်။ ခရိုအေးရှားသားဟာ လက်ရှိမှာနိုင်ငံအသင်းနဲ့အတူ ယူရိုမှာပါဝင်နေပြီး တက်ချ်အပြောင်းအရွှေ့အတွက် အလဲအထပ်လုပ်လာနိုင်တာဖြစ်ပါတယ်။