နောက်ခံလူလိုင်မာနဲ့ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်အသင်းက သူတို့ရဲ့နောက်ခံလူလိုင်မာနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီလို့ အတည်ပြုကြေညာပါတယ်။
ညာနောက်ခံလူနေရာမှာ အဓိကပါဝင်ကစားတဲ့ လိုင်မာက ပြီးခဲ့တဲ့ရာသီ၊ နည်းပြကွန်ပနီရဲ့အသင်းအတွက် အမာခံကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူက ပြိုင်ပွဲစုံ ၅၁ ပွဲကစား၊ သုံးဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
အခုအခါမှာတော့ အသက် ၂၉ နှစ်အရွယ်လိုင်မာက အသင်းနဲ့အတူ ၂၀၂၉ ခုနှစ်အထိ ဆက်ရှိနေစေမယ့် သုံးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီလို့ ဘိုင်ယန်မြူးနစ်အသင်းမှ အတည်ပြုကြေညာခဲ့ပါတယ်။
စာချုပ်ချုပ်ဆိုမှုအပြီး လိုင်မာက "ဘိုင်ယန်မြူးနစ်ဂျာစီဝတ်ဆင်ပြီး ကွင်းတွင်းဝင်ရောက်ရတာ ကျွန်တော့်အတွက် တကယ့်ကိုထူးခြားတဲ့ ခံစားချက် ဖြစ်ပါတယ်"
"မြူးနစ်မြို့မှာ ဘယ်လောက်အထိ ပျော်ရွှင်နေသလဲဆိုတာကိုလည်း ကျွန်တော် အမြဲပြောဖြစ်ပါတယ်။ ဒီအသင်းမှာ ဘောလုံးကစားရတယ်ဆိုတာ တကယ့်ကို ပျော်စရာကောင်းသလို ဒီခံစားချက်မျိုးကို ပထမဆုံးစတင်ရောက်ရှိလာတဲ့နေ့ရက်ကတည်းက ရရှိခဲ့ပါတယ်"
"ကျွန်တော်ကတော့ နေရာစုံမှတဆင့် အသင်းကို ကူညီပေးနိုင်သလို ဘိုင်ယန်မြူးနစ်အတွက်လည်း စက္ကန့်တိုင်းမှာ အစွမ်းကုန်ပေးဆပ်သွားချင်ပါတယ်"
"ဒီအသင်းနဲ့ဆိုရင် ဘာမဆို ဖြစ်နိုင်လို့ ရာသီသစ်ပြန်စမယ့်အချိန်ကိုတောင် မစောင့်နိုင်တော့ပါဘူး" လို့ ကလပ်အသင်းဝက်ဘ်ဆိုဒ်မှတဆင့် ပြောကြားခဲ့ပါတယ်။