
ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြင်သစ်အသင်းမှ အမ်ဘာပေနုတ်ထွက်
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ အဇာဘိုင်ဂျန်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဆင့် ခြေစစ်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် လူစာရင်းကနေ နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ အမ်ဘာပေအနေနဲ့ ပြင်သစ်အတွက်ပွဲထွက်ပါဝင်ပြီး ဦးဆောင်ဂိုးစတင်သွင်းယူပေးခဲ့ပေမယ့် ပွဲပြီးကာနီး ၈၃ မိနစ်မှာတော့ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ အမ်ဘာပေဒဏ်ရာရသွားခဲ့ကြောင်းကို ပြင်သစ်အသင်းကလည်း တရားဝင်ထုတ်ပြန်ထားပြီး ကစားသမားကို ရီးရဲလ်မက်ဒရစ်သို့ပြန်လည်စေလွှတ်ကာ ဆေးကုသမှုခံယူစေမယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ အမ်ဘာပေဟာ ထိပ်တန်းခြေစွမ်းကို တောက်လျှောက်ပြသနေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်တို့အတွက်ကစားခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲဆက်တိုက် ဂိုးသွင်းထားနိုင်တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ ယခုရာသီအတွင်း ကလပ်နဲ့နိုင်ငံအသင်းအတွက် ၁၃ ပွဲကစားထားရာမှာ ၁၇ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
သို့သော်လည်း လာလီဂါမှာ အမ်ဘာပေဟာ ဘာစီလိုနာဂန္ထဝင် လီယွန်နယ်မက်ဆီကိုကျော်လွန်နိုင်ဖို့တော့ အတော်လေးလိုအပ်နေသေးပြီး ၂၀၁၂-၁၃ ရာသီမှာ အာဂျင်တီးနားသားဟာ လာလီဂါပွဲစဉ် ၂၁ ပွဲဆက်တိုက်ဂိုးသွင်းထားနိုင်ပြီး သွင်းဂိုးကလည်း ၃၃ ဂိုးအထိရရှိခဲ့ပါတယ်။
နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကတော့ အမ်ဘာပေရဲ့ဒဏ်ရာဟာ မပြင်းထန်ကြောင်းနဲ့ လာမယ့်ရက်သတ္တပတ်တွေမှာပဲ ပြန်လည်ကစားနိုင်မယ်လို့ အသိပေးထားပါတယ်။ လာမယ့်အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ဂီတာဖေးကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အမ်ဘာပေတစ်ယောက် အဆိုပါပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။