
အမ်ဘာပေကို စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦးလို့ ချီးကျူးဂုဏ်ပြု လိုက်တဲ့ ဘာစီလိုနာနောက်ခံလူကွန်ဒီ
ဘာစီလိုနာနောက်ခံလူကွန်ဒီက သူတို့ရဲ့လက်ရွေးစင်အသင်းကပ္ပတိန်အမ်ဘာပေကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးမှာ စစ်မှန်တဲ့ခေါင်းဆောင်မှုအရည်အသွေး ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေကို စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ပြင်သစ်လက်ရွေးစင်အသင်းဖော်၊ အယ်လ်ကလက်စီကိုပြိုင်ဘက် ကွန်ဒီက ချီးကျူးခဲ့တာပါ။ နောက်ခံလူက ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးရဲ့ ပြင်သစ်လက်ရွေးစင်အသင်းကပ္ပတိန်အဖြစ် မာန်မာနထောင်လွှားမှုမရှိခြင်းကို သိရှိထားခဲ့ပြီး အသင်းဖော်တွေအတွက် အမြဲတမ်းကိုယ်စားပြုပေးနိုင်သူဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
အမ်ဘာပေက ဟူဂိုလိုရစ်ရဲ့လက်ရွေးစင်ကစားသမားဘ၀ အနားယူပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်၊မတ်လမှာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့အမြဲတမ်းကပ္ပတိန် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ အမ်ဘာပေကို နိုင်ငံတကာသီတင်းပတ်နှစ်ပတ်ဆက် မရွေးချယ်ခဲ့လို့ အမ်ဘာပေနဲ့ အဝတ်လဲခန်းတာဝန်ရှိသူတွေအကြား ဆက်ဆံရေးအဆင်မပြေဘူးဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီကောလာဟလတွေက ကြာကြာမခံခဲ့ပါဘူး။
ပြင်သစ်လက်ရွေးစင်အသင်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်လာဖို့ ရှစ်ဂိုးသာ လိုအပ်တော့ချိန် အမ်ဘာပေကို ဒက်စ်ချမ့်စ်လက်အောက် အသင်းရဲ့ထောက်တိုင်တစ်ခုအဖြစ် ဆက်လက်မြင်တွေ့နေရပါတယ်။ ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲအတွင်း ကွန်ဒီက “ အမ်ဘာပေရဲ့သဘာဝကျကျလုပ်ကိုင်နိုင်စွမ်းကို ကျွန်တော် အမြဲတမ်းတွေ့ခဲ့ဖူးပါတယ်။ သူက အသင်းဖော်တွေအတွက် အပြည့်အဝကိုယ်စားပြုပေးနိုင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးသလို အလုပ်တာဝန်တွေကိုလည်း ခွဲဝေပေးပါတယ်။ ဒီလိုကစားသမားမျိုးဖြစ်နေတာကြောင့်ပဲ အသင်းဖော်တွေရဲ့လေးစားမှုနဲ့ အသိအမှတ်ပြုမှုကို ရရှိနေတာပါ။ ဒါက သူ့အတွက်တော့ အတော်လေးသဘာဝကျပါတယ်”လို့ ပြောပါတယ်။
ကွန်ဒီရော၊ အမ်ဘာပေပါ ပြင်သစ်လက်ရွေးစင်အသင်းရဲ့လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပွဲထွက်ပါဝင်ကစားမယ်လို့ မျှော်လင့်ရပါတယ်။ ဒက်စ်ချမ့်စ်ရဲ့အသင်းက ယူကရိန်းနဲ့အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားပြီးနောက် စက်တင်ဘာ ၁၀ ရက်မှာတော့ အိုက်စလန်ကို ဧည့်ခံကစားရပါမယ်။