 
                                                                        ဘိုင်ယန်ဟာ ဖလား ၃ လုံးရယူချင်နေတာဖြစ်တယ်လို့ ပြိုင်ဘက်နည်းပြ ပြောကြား
ကိုလုံးနည်းပြ လူးကပ်စ်က ဘိုင်ယန်ဟာ ကွန်ပနီလက်အောက်မှာ ဖလား ၃ လုံးရယူချင်နေတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကိုလုံးကို ၄-၁ နဲ့အနိုင်ရပြီးနောက် ဘိုင်ယန်ရဲ့နိုင်ပွဲဆက်စံချိန်က ဆက်လက်ရှင်သန်နေဆဲဖြစ်ကာ ပြိုင်ပွဲစုံ ၁၄ ပွဲဆက်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါစံချိန်ကြောင့် ဘိုင်ယန်ဟာ ၁၉၉၂ - ၉၃ ရာသီမှာ အေစီမီလန်တင်ခဲ့တဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ ကိုးလ်မန်း ၊ ဆာနေး ၊ မူလာတို့လိုကစားသမားတွေကို လက်လွှတ်ခဲ့ရပေမယ့် ဘိုင်ယန်ဟာရဲ့တိုက်စစ်ဟာ ခြေစွမ်းကောင်းတွေပြသနိုင်နေဆဲဖြစ်ပါတယ်။
ကွန်ပနီရဲ့နည်းစနစ်ပိုင်းအပြင် ၊ ကစားသမားတွေရဲ့အနစ်နာခံမှုတွေ ၊ ကိန်း နဲ့ လိုင်မာတို့လိုကစားသမားတွေဟာ ဒီရာသီဘိုင်ယန်ရဲ့အဓိကကစားသမားတွေဖြစ်လာပါတယ်။ ဘိုင်ယန်ရဲ့လက်ရှိစွမ်းဆောင်ရည်ဟာ ၂၀၁၉ - ၂၀ တုန်းက သမိုင်းဝင်အချိန်နဲ့ဆင်တူနေတာဖြစ်ပါတယ်။ ကိုလုံးကိုအနိုင်ရပြီးနောက် ကွန်ပနီက “ကျွန်တော့်အသင်းက ဆုဖလားတွေအတွက် တကယ်ကိုဆာလောင်နေတာပါ။ အဲ့တာက ပရိသတ်တွေအတွက်တင်မဟုတ်ပါဘူး။ ကျွန်တော်တို့ပွဲတိုင်းကိုအနိုင်ရလိုစိတ်နဲ့ပဲ ချဉ်းကပ်တာဖြစ်ပြီး စံချိန်က နောက်ကလိုက်လာတာပါ။
အဲ့တာ ပထမဆုံးအရာပါ။ ဒုတိယက အရည်အချင်းပါ။ ကောင်လေးတွေက အံဝင်သလို ခင်ဗျားအနေနဲ့ အလိုလျှောက်ရွှေ့လျားမှုတွေကို မြင်နိုင်ပါတယ်။ သူတို့က ဆာလောင်နေသလို ပိုလည်းလိုချင်နေကြပါတယ်။ အဲ့တာက အခုချိန်မှာ ကျွန်တော်တို့ကိုအကူအညီပေးနေတာပါ”လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်နောက်ခံလူ ဂျိုနသန်တာ့ချ်ကလည်း “ကျွန်တော်တို့က အမြဲတမ်းဆာလောင်နေတာပါ။ ကျွန်တော်တို့ အမြဲတမ်းအနိုင်ရချင်ပါတယ်။ ကျွန်တော်တို့ဘယ်တုန်းကမှ မကျေနပ်ပါဘူး။ ကျွန်တော်တို့ ဒီနေ့ပျော်ပေမယ့် မနက်ဖြန်မှာနောက်ပွဲအတွက် အာရုံစိုက်မှာပါ”လို့ ဖြေကြားခဲ့ပါတယ်။
ပြိုင်ဘက်ကိုလုံးနည်းပြ လူးကပ်စ်ကတော့ ဘိုင်ယန်ဟာ ဆုဖလား ၃ လုံးရယူနိုင်ဖို့ ရည်မှန်းထားကြောင်း ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်ဟာ လာမယ့်စနေနေ့ လေဗာကူဆင်နဲ့ပွဲမှာလည်း အခုနိုင်ပွဲဆက်စံချိန်ကို ဆက်ထိန်းထားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အဆိုပါပွဲဟာ ကွန်ပနီရဲ့ဘိုင်ယန်အတွက် အရေးပါတဲ့စမ်းသပ်မှုဖြစ်သလို ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ဖို့ အရှိန်တစ်ခုကို ဆက်ထိန်းထားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
 
         
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                