ဂျာမနီအသင်းကို ကလော့ပ် အကောင်းဆုံးဦးဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေတဲ့ သောမတ်စ်မူလာ
၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုရှင်သောမတ်စ်မူလာက ဂျာမနီလက်ရွေးစင်အသင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေကို ယာဂန်ကလော့ပ် လုပ်ဆောင်နိုင်မယ်လို့ အပြည့်အဝယုံကြည်နေပါတယ်။
"ကလော့ပ်ကို ရွေးချယ်တယ်ဆိုတာ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူက အောင်မြင်မှုတွေ ရရှိထားရုံတင်မက သူ့ရဲ့အခုလက်ရှိ (Red Bull ဘောလုံးအကြီးအကဲ) ရာထူးမှာလည်း အဖွဲ့အစည်းရဲ့တည်ဆောက်ပုံတွေနဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျပုံဖော်ပေးရတဲ့ အလုပ်တွေမှာ ပါဝင်နေပါတယ်။ ဒါဟာ နည်းဗျူဟာဘုတ်ပေါ်မှာ နာမည်တွေလိုက်ရေးပြမယ့် နည်းပြသစ်တစ်ဦးကို ခေါ်လိုက်တာမျိုး မဟုတ်ပါဘူး။ မှန်ကန်တဲ့တည်ဆောက်ပုံတွေကို အခြေခိုင်အောင် ပြန်ပြီးအုတ်မြစ်ချပေးနိုင်ဖို့ ဖြစ်ပါတယ်" လို့ မူလာက MagentaTV ကို ပြောပါတယ်။
ဆက်လက်ပြီး မူလာက "ဒါမှလည်း လိုအပ်တဲ့ ပြောင်းလဲမှုတွေကို အမှန်တကယ် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အင်္ဂလန်မှာ နည်းပြတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ချိန်မှာလည်း သူက အခြားသူတွေထက် ပိုပြီးအလုပ်လုပ်ပြခဲ့ပါတယ်။ သူက နည်းပြတာဝန်ထက်ပိုမိုတဲ့ အခြားသောလုပ်ငန်းဆောင်တာတွေနဲ့ တွေးခေါ်ပုံတွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။