
ဘိုင်ယန်ပရိသတ်တွေနဲ့အတူ အောင်ပွဲခံဖို့ ပြင်ဆင်ထားတဲ့ ဟယ်ရီကိန်း
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းက ဘွန်ဒက်စ်လီဂါချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် အသင်းပရိသတ်တွေနဲ့အတူ အောင်ပွဲခံဖို့ အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကိန်းဟာ စနေနေ့တုန်းက ဟော့ဖန်ဟိမ်းကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အရန်ခုံကနေလူစားဝင်လာပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အဆိုပါဂိုးဟာ ဒီရာသီ အင်္ဂလန်သားအတွက် ၂၆ ဂိုးမြောက်ဖြစ်လာခဲ့ပြီး ရွှေဖိနပ်ဆုကိုပါ ရယူနိုင်ခဲ့သလို ပထမ ၂ ရာသီမှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ပထမဆုံးဘွန်ဒက်စ်လီဂါစတားဖြစ်လာခဲ့ပါတယ်။ ကိန်းဟာ အခုလအစောပိုင်းတုန်းက ကစားသမားဘဝပထမဆုံးဆုဖလားကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးပွဲအပြီးမှာ ကွန်ပနီကိုယ်တိုင်က ကိန်းဟာ တစ်ပတ်လုံးအောင်ပွဲခံခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်အသင်းဖော်မပါပဲ အခုလိုဆုဖလားရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော် အဲ့တာကိုနှစ်သက်ပါတယ်။ မနက်ဖြန် Marienplatz မှာ သေချာပေါက်ပျော်ရမှာပါ။ အခုလိုမျိုးမြို့ထဲမှာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံရမှာက ကျွန်တော့်ဘဝမှာ ပထမဆုံးပါ။ ကျွန်တော် မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ နေသာပြီး ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ဖို့ မျှော်လင့်ပါတယ်။ အဲ့နောက် ကျွန်တော်တို့ အတူတူအချိန်ကောင်းကို ဖန်တီးနိုင်မှာပါ။ ဒီရာသီက အကြောင်းအရာများစွာနဲ့အတူ ရာသီကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်အဲ့တာကို နှစ်သက်နေသလို လာမယ့်ကလပ်ကမ္ဘာ့ဖလားအတွက်လည်း ပြင်ဆင်ရပါဦးမယ်”လို့ ကိန်းက ဖြေကြားခဲ့ပါတယ်။
အသက် ၃၁ နှစ်သားဟာ ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် နားရက်အနည်းငယ်ရရှိမှာဖြစ်ပါတယ်။ အဲ့နောက် ဇွန်လ ၁၅ ရက်နေ့မှာ ကလပ်ကမ္ဘာ့ဖလားပထမဆုံးပွဲအဖြစ် Auckland City အသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။