The network connection is lost.

Banner Image

ဘာစီလိုနာအသင်းမှာ ဗဟိုတိုက်စစ်မှူးမရှိပေမဲ့ စိုးရိမ်စရာမလိုဘူးလို့ ဟန်စီဖလစ်ခ်ပြော

ဘာစီလိုနာအသင်းက ဒီည၊ အဝေးကွင်းမှာ အယ်လ်ချီကို သွားရောက်ယှဉ်ပြိုင်ရင်း သူတို့ရဲ့လာလီဂါချန်ပီယံဆုကာကွယ်ရေးခရီးစဉ် စတင်သွားပါတော့မယ်။

ဒီပွဲစဉ်မှာ နည်းပြဟန်စီဖလစ်ခ်က ကစားသမားသစ်တွေဖြစ်တဲ့ အဒီယီမီနဲ့ ဂေါ်ဒွန်တို့ကို ပွဲထွက်ခွင့်ပေးလာနိုင်ပေမဲ့ ကျောဒဏ်ရာခွဲစိတ်ကုသမှုခံယူထားတဲ့ ရိုဒရီကိုတော့ ပြန်လည်သက်သာလာစေဖို့ အနားပေးသွားနိုင်ပါတယ်။

ဒါ့အပြင် ဟန်စီဖလစ်ခ်ရဲ့လူငယ်အခြေပြုအသင်းအတွက် အသက် ၁၈ နှစ်အရွယ်မှာတင် ရာသီကြိုကာလတလျှောက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် အက်ဘ်ဒဲလ်ကာရင်လည်း စပိန်ထိပ်သီးလိဂ်မှာ ပထမဆုံးအကြိမ် ပါဝင်ကစားလာနိုင်ပါတယ်။

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အနားယူနေတဲ့ အဓိကကစားသမားအများစုက ရာသီသစ်စတင်ဖို့ ရက်ပိုင်းအလိုမှသာ အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဒါက အဝေးကွင်းမှာ သွားရောက်ကစားရမယ့် ပွဲစဉ်အတွက် ဟန်စီဖလစ်ခ်ရဲ့ကစားသမားရွေးချယ်မှုအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။

လီဝန်ဒေါစကီးရဲ့ မေဂျာလိဂ်အပြောင်းအရွှေ့အပြီး ဖာရန်တောရက်စ်လည်း ပီအက်စ်ဂျီဆီ ထွက်ခွာသွားလို့ ဘာစီလိုနာအသင်းရဲ့ဗဟိုတိုက်စစ်ပိုင်းမှာ ကစားသမားအင်အား နည်းပါးနေပြီး လာမယ့်သီတင်းပတ်တွေအတွင်း ရာဖင်ဟာကို အထောင်တိုက်စစ်မှူးအဖြစ် ပြောင်းလဲအသုံးပြုသွားနိုင်ပါတယ်။

ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ဟန်စီဖလစ်ခ်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်အဖြစ် ဆက်လက်မြင်တွေ့နေရပေမဲ့လည်း အပြောင်းအရွှေ့စျေးကွက်မပိတ်သိမ်းခင် ဒီကစားသမားကိုခေါ်ယူဖို့အတွက် ဖြစ်နိုင်ခြေ နည်းပါးနေပုံရပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြဟောင်းကတော့ အတွေ့အကြုံနည်းပါးတဲ့ လူငယ်ကစားသမားတွေကို အားကိုးဖို့ ပြင်ဆင်ထားသလို အသင်းလူစာရင်းအင်အားတောင့်တင်းမှုအပေါ် စိုးရိမ်ပူပန်နေစရာမလိုဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့မှာ No.9 တိုက်စစ်မှူး မခေါ်ယူရသေးလို့ စိုးရိမ်နေဖို့ မရှိပါဘူး။ ကျွန်တော်က အခြားအသင်းကစားသမားတွေအကြောင်း ပြောရတာမျိုး သိပ်သဘောမကျပါဘူး။ ဒေကိုနဲ့ ကျွန်တော် နေ့တိုင်း စကားပြောဖြစ်ပါတယ်။ ဒါက ကလပ်အသင်းအတွက် အဓိကကျပါတယ်။

ကျွန်တော်တို့အတွက် ဘာတွေလိုချင်လဲဆိုတာကို ဒေကို၊ ကျွန်တော်နဲ့ အခြားသူအနည်းငယ်လောက်ပဲ အတိအကျ သိကြပါတယ်။ ဒေကိုက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ အလုပ်တွေကို လုပ်ဆောင်ပေးနေပါတယ်။

ဟမ်ဇာက တကယ့်ကိုကောင်းမွန်တဲ့ ရာသီကြိုပွဲစဉ်တွေကို ဖြတ်သန်းခဲ့ပါတယ်။ သူက No.9 ကစားသမားဖြစ်ပြီး ဂိုးတွေသွင်းယူနိုင်သလို အလားအလာကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ သူက တကယ့်ကိုကောင်းမွန်လှတဲ့ အလုပ်တွေကို လုပ်ဆောင်ခဲ့ပါတယ်" လို့ ဟန်စီဖလစ်ခ်က ဆိုပါတယ်။