
မော်ရင်ဟို ယူနိုက်တက်နည်းပြဖြစ်လာပြီးနောက် အသင်းမှထွက်ခွာဖို့ မိသားစုကတိုက်တွန်းခဲ့ကြောင်း ဖွင့်ဟလာတဲ့ မာတာ
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဂျူအန်မာတာက ဟိုဆေးမော်ရင်ဟိုတစ်ယောက် အသင်းနည်းပြအဖြန်ခန့်အပ်ခံရပြီးနောက်မှာ သူ့ရဲ့မိသားစုက အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖို့ တိုက်တွန်းခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
မာတာဟာ တစ်ချိန်က ချဲလ်ဆီးအသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် ချဲလ်ဆီးသို့မော်ရင်ဟိုရောက်ရှိလာပြီးနောက်မှာတော့ အခက်အခဲတွေနဲ့စတင်ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်စပိန်လက်ရွေးစင်ဟာ ၂၀၁၄ ခုနှစ်ဇန်နဝါရီမှာပဲ ချဲလ်ဆီးမှထွက်ခွာပြီး ယူနိုက်တက်သို့ ပြောင်းရွှေ့ကစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သို့သော်လည်း နောက်ထပ် ၂ နှစ်အကြာမှာ မော်ရင်ဟိုဟာ ယူနိုက်တက်နည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတာကြောင့် မာတာတစ်ယောက် ပေါ်တူဂီသားနဲ့ နောက်ထပ်တစ်ကြိမ်ထပ်မံလက်တွဲခဲ့ရပါတယ်။
ဒီတစ်ခေါက်မှာတော့ မိသားစုက အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖို့တိုက်တွန်းခဲ့ပေမယ့် မာတာဟာ ယူနိုက်တက်မှာပဲ ဆက်လက်နေထိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ ကစားခဲ့တာဖြစ်ပါတယ်။ စပိန်ကြယ်ပွင့်ဟောင်းဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၂၈၅ ပွဲအထိကစားပေးခဲ့သူလည်းဖြစ်ပါတယ်။ ယခုအခါမှာ မာတာက "မော်ရင်ဟို ယူနိုက်တက်ကိုရောက်လာတော့ ကျွန်တော့်ရဲ့အဖိုးက အသင်းကနေထွက်ဖို့ ကျွန်တော့်ကိုပြောပါတယ်။ ကျွန်တော်ကတော့ အဖိုးပြောတာကိုငြင်းခဲ့ပြီး ကျွန်တော်နဲ့မော်ရင်ဟိုကြားမှာ ဘာပြဿနာမှမရှိကြောင်း ပြန်ပြောခဲ့ပါတယ်"
"ယူနိုက်တက်ကစားသမားဖြစ်ရတာက ကျွန်တော့်ကစားသမားဘဝမှာ ဂုဏ်ယူဖို့အကောင်းဆုံးကိစ္စပါ။ ပြီးတော့ ကျွန်တော့်အဖိုးကို ကျွန်တော်ဟာ မော်ရင်ဟိုရဲ့ကစားကွက်မှာအံဝင်အောင်ကစားနိုင်တယ်လို့ တည်တည်ငြိမ်ငြိမ်နဲ့ပဲပြန်ပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး မော်ရင်ဟိုနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပါတယ်"
"ကျွန်တော်တို့ ပွဲတွေအများကြီးလက်တွဲခဲ့ပြီး နိုင်ပွဲတွေလည်းအများကြီးရခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ဗိုလ်လုပွဲတိုင်းမှာ ကစားခွင့်ရခဲ့လို့ အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ယောက်လိုလည်း ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့မိသားစုကတော့ အဲဒီအချိန်တွေမှာ ကျွန်တော့်အတွက်စိုးရိမ်မှုတွေရှိခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မာတာဟာ မော်ရင်ဟိုရဲ့စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီးပေါ်တူဂီသားနဲ့အတူ ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်သားဟာ ၂၀၁၅-၁၆ ဘောလုံးရာသီမှာလည်း လူးဝစ်ဗန်ဟားလ်နဲ့အတူ ယူနိုက်တက်အတွက် အက်ဖ်အေဖလားဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ကနေထွက်ခွာလာခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ မာတာဟာ တူရကီ၊ ဂျပန်နဲ့ ဩစတြေးလျလိဂ်တွေမှာ သွားရောက်ကစားခဲ့ပြီး ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းနေခဲ့ပါတယ်။