ယူနိုက်တက်ကနေ ထုတ်ပယ်ခံရခြင်းကို မန်စီးတီးရဲ့ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ချိတ်ဆက်ပြောကြားလာတဲ့ ဗန်ဟားလ်
ယူနိုက်တက်နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်က ၂၀၁၆ ခုနှစ်တုန်းက ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အဓိကအကြောင်းရင်းထဲမှာ မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေး မသမာမှု စွပ်စွဲချက်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါ ရာသီမှာ ယူနိုက်တက်နဲ့ မန်စီးတီးတို့က ရမှတ် ၆၆ မှတ်စီ တူခဲ့ကြပေမဲ့ ဂိုးကွာခြားချက်ကြောင့် မန်စီးတီးက အဆင့် ၄ နေရာကို ရရှိသွားခဲ့ပြီး ယူနိုက်တက်ကတော့ အဆင့် ၅ နေရာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
ဗန်ဟားလ်က သရဲနီတွေကို FA ဖလား ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ၄၈ နာရီအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး သူ့နေရာမှာ ဂျိုဆေးမော်ရင်ဟိုက အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။
အသက် ၇၅ နှစ်အရွယ် ဒတ်ချ်လူမျိုး နည်းပြကြီးက မန်စီးတီးရဲ့ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုတွေဟာ ပြိုင်ဆိုင်မှုအပေါ် မမျှမတ သက်ရောက်စေခဲ့သလို နောက်ဆုံးမှာ နည်းပြရာထူးကိုပါ ဆုံးရှုံးစေခဲ့တာဖြစ်တယ်လို့ ယူဆနေပါတယ်။
ဗန်ဟားလ်က"ကျွန်တော့်အတွက်တော့ ၂၀၁၆ ခုနှစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်လွဲချော်ခဲ့တာက ယူနိုက်တက်ကနေ ကျွန်တော် ထုတ်ပယ်ခံရဖို့ အဓိက အဆုံးအဖြတ် အချက်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီအကျိုးဆက်တွေနဲ့ ခံစားခဲ့ရမှု အားလုံးက အဲဒီကနေ မြစ်ဖျားခံခဲ့တာပါ။
အခုအချိန်မှာတော့ ကျွန်တော် သမိုင်းကို ပြန်ပြောင်းလို့ မရတော့ပါဘူး။
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်အနေနဲ့တောင် ဒါကို လုပ်နိုင်မှာ မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။