
မီလ်ဝေါဂိုးသမား ရောဘတ်နဲ့ထိခိုက်မိခဲ့ပြီးနောက် ခေါင်းကို ၂၅ ချက်ချုပ်ခဲ့ရတဲ့ မာတီတာ
မီလ်ဝေါအသင်းကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပဲလေ့စ်တိုက်စစ်မှူး မာတီတာတစ်ယောက် ပြိုင်ဘက်ဂိုးသမား ရောဘတ်ရဲ့ပြင်းထန်တဲ့ဖျက်ထုတ်မှုကြောင့် ဦးခေါင်းထိခိုက်မိခဲ့ပြီး ဆေးရုံတင်ခဲ့ရပါတယ်။ အခုချိန်မှာတော့ မာတီတာတစ်ယောက် ခေါင်းကို ၂၅ ချက်ချုပ်ခဲ့ရပြီးနောက် ဆေးရုံကနေ ဆင်းခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ပဲလေ့စ်အသင်းဘက်ကလည်း အသက် ၂၇ နှစ်ရဲ့အခြေအနေဟာ သာမန်အတိုင်းဖြစ်နေပြီလို့ အတည်ပြုခဲ့ပါတယ်။ ကနဦးတုန်းက ရောဘတ်ကို ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက မထုတ်ပယ်ခဲ့ပေမယ့် VAR ကြားဝင်ခဲ့ပြီးနောက်မှာတော့ ပြင်းထန်တဲ့ဖျက်ထုတ်မှုအတွက် တိုက်ရိုက်အနီကတ်ပြသခဲ့ပါတယ်။ ပဲလေ့စ်အမှုဆောင် ပါရစ်ချ်ကတော့ ရောဘတ်ရဲ့ဖျက်ထုတ်မှုဟာ မဆင်မခြင်မှုလို့ ထောက်ပြခဲ့သလို ကစားသမားရဲ့ပရော်ဖက်ရှင်နယ်အနာဂတ်က အန္တရာယ်ရှိနိုင်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“ဘောလုံးမှာက ခံစားချက်တွေအများကြီးပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒီဖျက်ထုတ်မှုအကြောင်းတော့ ပြောရပါမယ်။ ကျွန်တော် ဒီလိုလုပ်ရပ်မျိုး ဘယ်တုန်းကမှမမြင်ဖူးပါဘူး။ အဲ့တာက လုံးဝမဆင်မခြင်လုပ်ခဲ့တာပါ။ သူကစားသမားဘဝအများကြီးကန်ရဦးမှာပါ။ သူ့ကိုယ်သူဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အခုလိုမျိုးလုပ်ရပ်က သူ့ကစားသမားဘဝကို ထိခိုက်နိုင်ပါတယ်။ ဒိုင်အနေနဲ့ ဖန်သားပြင်ဆီကိုသွားရမှာပါ။ ဒီလိုမျိုးခေါင်းကို ပြင်းပြင်းထန်ထန်အကန်ခံခဲ့ရတယ်ဆိုရင် ဘယ်လိုဒဏ်ရာမျိုးဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး”လို့ ပါရစ်ချ်က ပြောကြားခဲ့ပါတယ်။
ပြင်သစ်သားကတော့ စနေနေ့တုန်းက သူ့အခြေအနေကို အင်စတာဂရမ်ကနေ “ကျွန်တော် အကောင်းဆုံးလုပ်နေပါတယ်။ မကြာခင်မှာ အခုထက်ပိုသန်မာတဲ့အခြေအနေမျိုးနဲ့ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ ရေးသားတင်ခဲ့ပါတယ်။ ဒါပေမယ့် မာတီတာရဲ့အခြေအနေက ပြန်လည်သက်သာလာဖို့ အချိန်တစ်ခုလောက်ယူရဖွယ်ရှိနေပါတယ်။