အက်ဇီးအတွက် ပရီးမီးယားလိဂ်တန်းတက်ကလပ်အသင်းရဲ့ ပေါင်သန်း ၂၀ တန်ကမ်းလှမ်းမှုကို မီလ်ဝေါ ပယ်ချ
နိုက်ဂျီးရီးယားတိုက်စစ်မှူးဖီမီအက်ဇီးအတွက် ပရီးမီးယားလိဂ်တန်းတက်အစ်ဆွစ်ရဲ့ ပေါင်သန်း ၂၀ တန်ကမ်းလှမ်းမှုအသစ်ကို မီလ်ဝေါအသင်း ပယ်ချလိုက်ပြီးနောက် ကစားသမားကို အပြောင်းအရွှေ့စျေးကွက်မှာ အတော်လေးလူသိများလာပါတယ်။
အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးက ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၃၅ ပွဲကစား၊ ၁၁ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပြီး အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
သူက အင်္ဂလန်လက်ရွေးစင်အသင်းမှ နိုက်ဂျီးရီးယားအသင်းကို ပြောင်းလဲကိုယ်စားပြုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဇင်ဘာဘွေနဲ့ ကစားခဲ့တဲ့ Unity Cup ဆီမီးဖိုင်နယ်မှာ နှစ်ဂိုးသွင်းယူပြီး ပွဲဦးထွက်အမှတ်တရတွေကို ဖန်တီးနိုင်ခဲ့လို့ နိုင်ငံတကာအဆင့်မှာပါ လူသိများလာခဲ့ပါတယ်။
အစ်ဆွစ်တောင်းအသင်းက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာလည်း အက်ဇီးအတွက် ပေါင် ၁၅ သန်းမှ သန်း ၂၀ ကြားပမာဏဖြင့် ကမ်းလှမ်းပြီး မီလ်ဝေါရဲ့သဘောထားကို စမ်းသပ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ မီလ်ဝေါဘက်ကတော့ အလျှော့မပေးဘဲ ပြတ်ပြတ်သားသားငြင်းဆန်ခဲ့သလို အခုဆိုရင် သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ပေါင်သန်း ၃၀ ဝန်းကျင်အထိ ဈေးသတ်မှတ်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
လက်ရှိမှာ မီလ်ဝေါအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အက်ဇီးက လာမယ့်စနေနေ့၊ ဂျမေကာနဲ့ရင်ဆိုင်ရမယ့် Unity Cup ဗိုလ်လုပွဲမှာလည်း နိုက်ဂျီးရီးယားအသင်းအတွက် ပါဝင်ကစားပေးဖို့ ရှိနေပါတယ်။