
ထိတ်လန့်ဖွယ်ရာဖျက်ထုတ်မှုကြောင့် ပွဲပယ်ပြစ်ဒဏ်ထပ်တိုးခဲ့တဲ့ မီလ်ဝေါဂိုးသမား ရောဘတ်
မီလ်ဝေါဂိုးသမား ရောဘတ်တစ်ယောက် ပဲလေ့စ်တိုက်စစ်မှူး မာတီတာကို ထိတ်လန့်ဖွယ်ရာဖျက်ထုတ်မှုပြုလုပ်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ထပ်တိုးခဲ့တယ်လို့ သိရပါတယ်။ ရောဘတ်ဟာ အဆိုပါပွဲမှာ မာတီတာရဲ့ခေါင်းကိုကန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။
အဆိုပါအခြေအနေကြောင့် မာတီတာတစ်ယောက် အောက်ဆီဂျင်ပေးခဲ့ရသလို ဆေးရုံမှာလည်း ၂၅ ချက်အထိ ချုပ်ခဲ့ရပါတယ်။ ပဲလေ့စ်အသင်းအမှုဆောင် ပါရစ်ချ်ကတော့ ရောဘတ်ရဲ့ဖျက်ထုတ်မှုဟာ အဆိုးဝါးဆုံးလို့ ထောက်ပြခဲ့ပါတယ်။ ရောဘတ်ဟာ တိုက်ရိုက်အနီကတ်ကြောင့် ၃ ပွဲပယ်ခံရမှာဖြစ်ပေမယ့် အခုတော့ ၆ ပွဲအထိ တိုးမြှင့်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပြစ်ဒဏ်ကြောင့် ရောဘတ်အနေနဲ့ ဧပြီလ ၈ ရက်နေ့မှာကန်မယ့် ရှက်ဖီးလ်နဲ့ပွဲမှာမှ မီလ်ဝေါအတွက် ပြန်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။
မာတီတာအနေနဲ့ အခုညမှာကန်မယ့် အစ်ဝှစ်တောင်းနဲ့ပွဲကို လွဲချော်မှာဖြစ်ပေမယ့် လာမယ့်အပတ် ဖူလ်ဟမ်နဲ့အက်ဖ်အေဖလားပွဲမှာတော့ ပါဝင်လာမှာဖြစ်ပါတယ်။ “လွတ်လပ်တဲ့ကော်မရှင်အဖွဲ့ကတော့ ရောဘတ်ရဲ့ဖျက်ထုတ်မှုဟာ ပြင်းထန်ခဲ့တာကြောင့် ၃ ပွဲအစား ၆ ပွဲအထိ ပြစ်ဒဏ်တိုးမြှင့်ခဲ့ပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မီလ်ဝေါအသင်းနည်းပြ အဲလက်စ်နေးကတော့ ရောဘတ်အနေနဲ့ အခုဖြစ်ရပ်အတွက် ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ ကာကွယ်ပြောကြားခဲ့ပါတယ်။ အဲ့နောက် ရောဘတ်က သူ့အနေနဲ့ မာတီတာကို တောင်းပန်စကားဆိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “ပထမဆုံး ကျွန်တော် မာတီတာကို ပြန်လည်သက်သာလာဖို့ ဆုတောင်းပေးခဲ့ပါတယ်။ ချက်ချင်းဆိုသလိုလည်း သူ့ကို တောင်းပန်ခဲ့ပါတယ်။ အဲ့ညနေခင်းမှာပဲ သူ့ဆီကနေ အဆင်ပြေတယ်လို့ကြားခဲ့ရတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ကျွန်တော် ဖြစ်ပျက်ခဲ့တာကို စိတ်ထိခိုက်မိခဲ့ပါတယ်။ အနီကတ်ပြစ်ဒဏ် နဲ့ အခြားပြစ်ဒဏ်ကို လက်ခံသွားမှာပါ။
အဲ့တာအပြင် ကျွန်တော့်ကစားသမားဘဝကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ယူဆချက်တွေကို မကျေမနပ်တော့ဖြစ်မိပါတယ်။ ကျွန်တော် ကွင်းထဲမှာ ဘယ်သူ့ကိုမှရည်ရွယ်ချက်ရှိရှိမလုပ်ခဲ့ပါဘူး။ နားလည်မှုလွဲတဲ့မှတ်ချက်တွေကြောင့် ကျွန်တော့်မိသားစုကော ကျွန်တော်ပါ ခြိမ်းခြောက်ခံနေရပါတယ်။
ကျွန်တော့်အခြေအနေကိုသိပြီး အားပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံး ကျွန်တော့်ကို ဆက်လက်အားပေးထောက်ခံကြတဲ့ မီလ်ဝေါ နဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ အခုအခက်အခဲကို အတူတူဖြတ်ကျော်ပြီး မကြာခင် ကွင်းထဲမှာ ပရိသတ်တွေနဲ့အတူ ပြန်လည်တွေ့ဆုံနိုင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ရောဘတ်က ပြောကြားခဲ့ပါတယ်။