The network connection is lost.

Banner Image

ဘက်တစ်ကို ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲသို့ပို့ဆောင်နိုင်ခဲ့ပြီးနောက် အပြင်းအထန်ငိုကြွေးခဲ့မိကြောင်း ဝန်ခံလာတဲ့ အန်တိုနီ

ရီးရဲလ်ဘက်တစ်တောင်ပံကစားသမား အန်တိုနီက သူဟာ အသင်းကို ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် အလွန်အမင်းပျော်ရွှင်ခဲ့ရလို့ အပြင်းအထန်ငိုကြွေးခဲ့မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အေဂျက်စ်မှ ပေါင် ၈၅ သန်းနဲ့ ယူနိုက်တက်သို့ပြောင်းရွှေ့ခဲ့တဲ့ အန်တိုနီဟာ အသင်းအတွက် ကြီးမားတဲ့အထောက်အပံ့မဖြစ်စေခဲ့ဘဲ ဝန်ထုတ်ဝန်ပိုးသာဖြစ်ခဲ့ပေမယ့် ရီးရဲလ်ဘက်တစ်သို့အငှားစာချုပ်နဲ့ ထွက်ခွာခဲ့ပြီးနောက်ပိုင်းမှာတော့ စပိန်ကလပ်အတွက် သူရဲကောင်းတစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံလာရပါတယ်။ 

ယူနိုက်တက်အတွက် ၂ နှစ်ကျော်ကစားခဲ့ရာမှာ စုစုပေါင်း ၁၂ ဂိုးသာသွင်းယူနိုင်ခဲ့တဲ့အန်တိုနီဟာ ဘက်တစ်မှာတော့ ၂၁ ပွဲကစားပြီးချိန်မှာပဲ ၈ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖီအိုရင်တီးနားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာလည်း ဘရာဇီးသားဟာ အသင်းအတွက် ဖရီးကစ်မှတစ်ဆင့် လှလှပပဂိုးသွင်းယူပေးနိုင်ခဲ့သလို၊ အရေးပါတဲ့ချေပဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ တောင်ပံကစားသမားက “ကျွန်တော် အပြင်းအထန်ငိုကြွေးခဲ့ပါတယ်။ ကျွန်တော့်အမေ၊ ဇနီး၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူတူလည်း ငိုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုပျော်ရွှင်ရတဲ့နေ့မျိုးကိုရောက်နိုင်ဖို့ ကျွန်တော်တို့ ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရလို့ပါ” “ကျွန်တော် ပင်ပန်းနေပေမယ့် ပျော်ရွှင်မှုက ပင်ပန်းတာထက် ပိုနေပါတယ်။ ဒီပွဲက အရမ်းခက်မယ်ဆိုတာ ကျွန်တော်တို့ ကြိုသိခဲ့ပါတယ်။ ဒါပေမယ့်အခုတော့ ဗိုလ်လုပွဲရောက်သွားပြီဆိုတော့ ပျော်လို့ရပါပြီ။ အသင်းရဲ့ပရိသတ်တွေနဲ့ အောင်ပွဲခံသွားဦးမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 

ယခုနှစ်လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံး ၅ သင်းဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားမှာဖြစ်လို့ ဘက်တစ်အနေနဲ့ အဆင့် ၅ နေရာအတွက် အပြင်းအထန်တိုက်ပွဲဝင်နေပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်နေတဲ့အန်တိုနီဟာ လာမယ်တနင်္ဂနွေနေ့မှာတော့ အိုဆာဆူနာနဲ့ ကစားသွားရပါမယ်။