The network connection is lost.

Banner Image

ချဲလ်ဆီးရဲ့ အိပ်မက်ဆန်ဆန် ကလပ်ကမ္ဘာ့ဖလားအောင်ပွဲအတွက် သုံးသပ်ချက်ပေးလာတဲ့ တော့ဒ်ဘိုလေ

ချဲလ်ဆီးအသင်းပူးတွဲပိုင်ရှင်တော့ဒ်ဘိုလေက နယူးဂျာစီ၊ ဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာတဲ့ သူ့အသင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးလာခဲ့ပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်က၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ချဲလ်ဆီးအသင်းအတွက် ဒုတိယမြောက်ဆုဖလားရရှိခဲ့လို့ အလွန်ကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။ ဘိုလေက အပြာရောင်ကြယ်ပွင့်တွေကို ချီးကျူးဂုဏ်ပြုခဲ့သလို အန်ဇိုမာရက်စ်ကာနဲ့ပတ်သက်လို့လည်း သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်အပါအဝင် ယှဉ်ပြိုင်သမျှပြိုင်ပွဲတိုင်း အနိုင်ရဗိုလ်စွဲထားတဲ့ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတဲ့ တနင်္ဂနွေနေ့၊ ဗိုလ်လုပွဲမှာ ချဲလ်ဆီးက အနိုင်ရရှိဖို့ ရေပန်းမစားခဲ့ပါဘူး။ ဒါပေမယ့် သွင်းဂိုးနှစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့တဲ့ ကိုးလ်ပယ်လ်မာရဲ့တောက်ပမှုတွေက အနောက်လန်ဒန်သားတွေကို ကမ္ဘာ့ချန်ပီယံဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။

talkSPORT သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ချဲလ်ဆီးအကြီးအကဲတော့ဒ်ဘိုလေက “ ကောင်းပြီ။ အန်ဇိုမာရက်စ်ကာရဲ့ ဦးဆောင်မှု၊ လမ်းညွှန်မှုအောက်မှာ အမေရိကန်အထိ အတူတကွချီတက်လာပြီး အပြင်းအထန်ကြိုးစားလေ့ကျင့် တိုက်ပွဲဝင်ခဲ့တဲ့ ကောင်လေးတွေဆီကနေ အခုထက်ပိုကောင်းတဲ့ရလဒ်ကို မျှော်လင့်လို့ မရနိုင်ပါဘူး။ ပီအက်စ်ဂျီကို ကျွန်တော်တို့ အနိုင်ရရှိလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပါဘူး။ ကောင်လေးတွေက တကယ့်ကိုအစွမ်းပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အမေရိကန်မှာ သူတို့တွေကိုစောင့်ကြည့်ခဲ့ရတဲ့အခိုက်အတန့်တွေက အရမ်းကောင်းလွန်းခဲ့ပါတယ်။ အားကစားဒါရိုက်တာတွေဖြစ်တဲ့ လောရန့်စတီးဝပ်၊ ပေါလ်စတန်လေတိုနဲ့အတူ ဒီလုပ်ငန်းစဉ်ကို ချမှတ်လိုက်ချိန် ကျွန်တော်တို့မြင်တွေ့ချင်ခဲ့တဲ့အရာရာတိုင်းကို မြင်တွေ့လိုက်ရတဲ့ပုံစံမျိုး ဖြစ်ပါတယ်။

နေရာတိုင်းမှာရှိနေတဲ့ ချဲလ်ဆီးပရိသတ်တွေအတွက်၊ သူတို့ရယူခဲ့တဲ့ အောင်မြင်မှုတွေအတွက် အာ့ဂျ်ဘာလီနဲ့ ကျွန်တော်ကိုယ်တိုင်လည်း ဒီထက်ပိုပြီးတော့ ကျေးဇူးတင်နိုင်ဖို့ နည်းလမ်းမရှိတော့ပါဘူး။ ကျွန်တော်တို့ အရမ်းပီတိဖြစ်မိပြီး ကျွန်တော်တို့နဲ့လက်တွဲပေးခဲ့လို့လည်း ကျေးဇူးတင်မိပါတယ်။ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အရာတွေအတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။

အိပ်မက်ဆန်ဆန်အောင်ပွဲတစ်ခုဖြစ်လို့ မေ့ပျောက်ပစ်လို့တောင် မရသေးပါဘူး။ ဒါပေမဲ့ ထပ်ပြောရမယ်ဆိုရင် ဒါက ကောင်လေးတွေရဲ့ကစားပုံ အရမ်းကောင်းခဲ့လို့ပဲဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့က ဆုံးရှုံးစရာဘာမှမရှိတဲ့ ပုံစံမျိုးနဲ့ရောက်ရှိလာပြီး အန်ဇိုမာရက်စ်ကာရဲ့အစီအမံတွေနဲ့အတူ စုစုစည်းစည်းညီညီညွှတ်ညွှတ် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါကြောင့် အခုလိုစီမံနိုင်မှုနဲ့ အဆုံးသတ်လုပ်ဆောင်နိုင်မှုတွေက ကျွန်တော့်ကို ပိုပြီးဂုဏ်ယူလို့မဆုံးအောင် ဖြစ်သွားစေခဲ့ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး အစီအစဉ်တင်ဆက်သူ ဂျင်ဝှိုက်က တော့ဒ်ဘိုလေဆီ ပြီးခဲ့တဲ့နွေရာသီကာလ၊ နည်းပြသစ်ခန့်အပ်ချိန် “ အန်ဇိုမာရက်စ်ကာအပေါ် ကျွန်တော်တို့ အပြည့်အဝယုံကြည်ပါတယ်”ဆိုတဲ့ ပြောစကားကို ပြန်လည်အမှတ်ရအောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ချဲလ်ဆီးအသင်းပူးတွဲပိုင်ရှင်ဆီ နည်းပြရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ထင်မြင်ချက်ကို မေးမြန်းရာ တော့ဒ်ဘိုလေက “ ကိုယ်လုပ်ရမယ့် အခန်းကဏ္ဍမှာ အလွန်ကျွမ်းကျင်သူလို့ပဲ ထင်ပါတယ်”လို့ တုံပြန်ဖြေကြားခဲ့ပါတယ်။

ကလပ်ကမ္ဘာ့ဖလားချန်ပီယံတွေက ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် ၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်ဘောလုံးရာသီအဖွင့်ပွဲစဉ်မတိုင်ခင် လာမယ့်လအတွင်း လေဗာကူဆင်၊ အေစီမီလန်တို့နဲ့ ရာသီကြိုခြေစမ်းပွဲစဉ် ကစားသွားပါလိမ့်မယ်။