အက်ဂျ်ဘာလီနဲ့ သဘောထားကွဲလွဲပြီးနောက် ချဲလ်ဆီးရှယ်ယာတွေကို Clearlake ဆီ ရောင်းချသွားဖို့ ဆွေးနွေးနေတဲ့ ဘိုလေ
တော့ဒ်ဘိုလေက သူပိုင်ထားတဲ့ ချဲလ်ဆီးအသင်းရှယ်ယာတွေကို အသင်းရဲ့အဓိကရှယ်ယာရှင်ဖြစ်တဲ့ Clearlake ဆီ ရောင်းချသွားဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၅၂ နှစ်အရွယ်ဘိုလေက စီးပွားဖက်ဖြစ်သူမာ့ခ်ဝေါ်လ်တာနဲ့အတူ ချဲလ်ဆီးအသင်းရှိ သူတို့ရဲ့ရှယ်ယာတွေကို အဓိကရှယ်ယာရှင် Clearlake Capital ဆီ ရောင်းချဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။
Financial Times ရဲ့အဆိုအရ အခုသဘောတူညီမှုက အသင်းရဲ့ပိုင်ရှင်အစုအဖွဲ့ကြား ကာလရှည်ကြာဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ ပြေလည်သွားစေဖို့ ကူညီပေးလိမ့်မယ်လို့ သိရပါတယ်။
ဘိုလေက BlueCo ရဲ့ ချဲလ်ဆီးစီမံကိန်းမှာ အဓိကကိုယ်စားလှယ်ဖြစ်လာခဲ့ပေမဲ့ အသင်းရဲ့ မဟာဗျူဟာပိုင်းနဲ့ပတ်သက်ပြီး တွဲဖက်ပိုင်ရှင်တွေဖြစ်ကြတဲ့ Clearlake ၊ အက်ဂျ်ဘာလီတို့နဲ့ အမြဲလိုလို သဘောထားကွဲလွဲခဲ့ပါတယ်။
Clearlake က ချဲလ်ဆီးအသင်းရှယ်ယာ ၆၁ ဒဿမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ အဓိကရှယ်ယာရှင်ဖြစ်ပေမဲ့ အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဘိုလေနဲ့သာ အသင်းကို ပူးတွဲထိန်းချုပ်ခွင့် ရှိထားပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ရှယ်ယာ ၁၂ ဒဿမ ၇ ရာခိုင်နှုန်းမှ ၁၂ ဒဿမ ၈ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားတဲ့ ဝေါ်လ်တာက အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံမှ ၂၁ ဘီလီယံအထိ ရှိနိုင်တဲ့ ချေးငွေလိမ်လည်မှုသံသယနဲ့ အမေရိကန်ဖက်ဒရယ်အစိုးရရှေ့နေတွေနဲ့ အမေရိကန် ငွေကြေးသက်သေခံလက်မှတ်များနှင့် လဲလှယ်ရေးကော်မရှင်တို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပြီး အခုလိုပိုင်ဆိုင်မှုအလွှဲအပြောင်းသတင်းတွေ ထွက်ပေါ်လာပါတယ်။