The network connection is lost.

Banner Image

ပုပ်ရဟန်းမင်းကြီးဈာပနကြောင့် စီးရီးအေပွဲစဉ်အချို့ ရက်ရွှေ့ဆိုင်း

အီတလီထိပ်တန်းလိဂ်စီးရီးအေဘောလုံးအဖွဲ့ချုပ်က လာမယ့်စနေနေ့၊ ရောမမြို့မှာပြုလုပ်မယ့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့နာရေးဈာပနကြောင့် အဲ့ဒီနေ့မှာယှဉ်ပြိုင်ကစားကြဖို့ရှိနေတဲ့ စီးရီးအေပွဲစဉ်သုံးခုကို တနင်္ဂနွေနေ့အထိ ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်တယ်လို့ အခုသီတင်းပတ်၊ အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

အစောပိုင်းသတင်းတွေအရ စီးရီးအေက လာမယ့်သီတင်းပတ်အတွင်း ဘာစီလိုနာနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ဆီမြွန်နီအင်ဇာဂီရဲ့အသင်းအတွက် အနားယူချိန် ပိုမိုရရှိစေဖို့ ရိုးမားကို ဧည့်ခံကစားရမယ့် အင်တာမီလန်ရဲ့ပွဲစဉ်အတွက် ခြွင်းချက်တစ်ခုပေးသွားနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လိဂ်အဖွဲ့ချုပ်ဘက်ကတော့ ဆန်စီရိုမှာကစားရမယ့်ဒီပွဲစဉ်ကို တနင်္ဂနွေနေ့မှာ ကျင်းပသွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ပထမဆုံးလက်တင်အမေရိကခေါင်းဆောင်ဖြစ်သူ အသက်-၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အခုသီတင်းပတ်၊ တနင်္လာနေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။ သူ့ရဲ့ဈာပနအခမ်းအနားကို စိန့်ပီတာကျောင်းတော်ရှေ့၊ စိန့်ပီတာရင်ပြင်မှာ ကျင်းပသွားဖို့ စီစဉ်ထားပြီး ကြွင်းကျန်ရုပ်ကလပ်ကို ဆန်တာမာရီယာမက်ဂီအိုရီကျောင်းတော်မှာ သင်္ဂြိုလ်သွားပါလိမ့်မယ်။

ရောမမြို့မှာပဲ ပါးမားနဲ့ယှဉ်ပြိုင်ကစားသွားရဖို့ရှိနေတဲ့ လာဇီယိုရဲ့ပွဲစဉ်ကိုတော့ တနင်္လာနေ့ဆီ ရွှေ့ဆိုင်းလိုက်သလို ဂျီနိုအာနဲ့ရင်ဆိုင်ရမယ့် ကိုမိုရဲ့အိမ်ကွင်းပွဲစဉ်ကိုလည်း တနင်္ဂနွေနေ့အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားကြဖို့ သတ်မှတ်ခဲ့ပါတယ်။ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သွားပြီးနောက်တစ်ရက်မှာပဲ အီတလီအမျိုးသားအိုလံပစ်ကော်မတီ(CONI)က စနေနေ့မှာ ပြုလုပ်မယ့် အားကစားပြိုင်ပွဲများကို ဆိုင်းငံ့ထားပေးဖို့ တောင်းဆိုခဲ့ပြီး တနင်္လာနေ့စီးရီးအေပွဲစဉ်တွေကိုလည်း ဗုဒ္ဓဟူးနေ့မှာ ပြောင်းရွှေ့ကစားစေဖို့ စီးရီးအေက ဆုံးဖြတ်ခဲ့ပါတယ်။