The network connection is lost.

Banner Image

မန်စီးတီးမှာနောက်တစ်ရာသီဆက်နေဖို့ မျှော်လင့်ထားတဲ့ ဂမ်ဒိုဂန်

မန်ချက်စတာစီးတီးကွင်းလယ်လူ ဂမ်ဒိုဂန်ဟာ အသင်းမှာ နောက်ထပ်တစ်ရာသီ ဆက်လက်နေထိုင်ဖို့အတွက် မျှော်လင့်ထားကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာမှထွက်ခွာပြီး အီတီဟတ်သို့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဂျာမနီသားဟာ မန်စီးတီးနဲ့ ၁ နှစ်သက်တမ်းရှိစာချုပ်ကိုသာ ချုပ်ဆိုခဲ့ပေမယ့် စာချုပ်ပါသဘောတူညီချက်အရ အပိုရွေးချယ်ခွင့်တစ်နှစ်ရှိနေတယ်လို့သိရပါတယ်။ 

အသက်-၃၄ နှစ်အရွယ်ကစားသမားဟာ ဂါလာတာစာရေးနဲ့ ဆော်ဒီပရိုလိဂ်ရဲ့စိတ်ဝင်စားမှုတွေကိုခံနေရပေမယ့် ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ကစားဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ဂမ်ဒိုဂန်က "ကျွန်တော့်ကို အသင်းကလူတွေ ဘာမှမပြောသေးပါဘူး။ ကျွန်တော့်ရဲ့စာချုပ်က နောက်ထပ်တစ်နှစ် သက်တမ်းတိုးလို့ရနေပါသေးတယ်။ သက်တမ်းတိုးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

မန်စီးတီးဘက်ကတော့ အသင်းရဲ့ကွင်းလယ်ပိုင်းကို ပိုမိုတောင့်တင်းစေဖို့အတွက် လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ ပြင်ဆင်ထားကြောင်း ESPN သတင်းဌာနက ဖော်ပြထားပါတယ်။ မန်စီးတီးဟာ အေစီမီလန်ကွင်းလယ်လူ တီဂျာနီရိန်ဒါစ်ကိုခေါ်ယူဖို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားသလို၊ နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူ မော်ဂန်ဂစ်ဝှိုက်ကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် နည်းပြပက်ဂွါဒီယိုလာအနေနဲ့ ညာနောက်ခံလူ ကိုင်လ်ဝေါ်လ်ကာနေရာကို အစားထိုးဖို့ ကစားသမားသစ်ရှာဖွေနေတယ်လို့သိရပါတယ်။ ဝေါ်လ်ကာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက အေစီမီလန်သို့ အငှားစာချုပ်နဲ့ ထွက်ခွာသွားခဲ့ပြီး ယခုအခါမှာတော့ အသင်းသို့ပြန်မလာဘဲ အပြီးသတ်ထွက်ခွာသွားမယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ 

မကြာသေးမီက ဂွါဒီယိုလာဟာ ကစားသမားသစ်တွေထပ်မံခေါ်ယူလိုခြင်းမရှိကြောင်း ပြောကြားထားပါသေးတယ်။ စပိန်သားနည်းပြက "ကျွန်တော်ကစားသမားသစ်တွေ ထပ်မခေါ်ချင်ပါဘူး။ ကျွန်တော့်မှာ ကစားသမား ၂၄ ယောက်လောက်ရှိနေပြီး အားလုံးကလည်း ပါရမီရှင်တွေချည်းပါပဲ။ အားနည်းနေတဲ့နေရာတွေအတွက်တော့ ကစားသမားသစ်တွေထပ်ဖြည့်ဖို့ရှိပါတယ်။ စာချုပ်သက်တမ်းကျန်သေးတဲ့ ကစားသမားတွေကျန်နေသေးပြီး ကျွန်တော်က ကစားသမားတွေ အများကြီးမလိုချင်ပါဘူး။ ဒါကြောင့် နွေရာသီမှာတော့ ကစားသမားသစ်တွေ အများအပြားခေါ်သွားမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။