
ဘော်လွန်းဒီအော်ဆုအတွက် မိုဆာလက်အစား လက်ရွေးစင်အသင်းဖော်ကို ရွေးချယ်လိုက်တဲ့ ကိုနာတေး
ကိုနာတေးက အခုနှစ် ဘော်လွန်းဒီအော်ဆုအတွက် လီဗာပူးအသင်းဖော်မိုဆာလက်ကို ပယ်ချခဲ့ပြီး လက်ရွေးစင်အသင်းဖော် ဒမ်ဘီလီကို ထောက်ခံပေးခဲ့ပါတယ်။ ဒမ်ဘီလီ၊ မိုဆာလက်အပြင် ဘာစီလိုနာတိုက်စစ်အတွဲဖြစ်တဲ့ လမိုင်းယာမယ်လ်နဲ့ ရာဖင်ဟာတို့က သက်ဆိုင်ရာကလပ်အသင်းအသီးသီးမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး အခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရေပန်းအစားဆုံးကစားသမားတွေ ဖြစ်လာခဲ့ပါတယ်။
ဒမ်ဘီလီက ပီအက်စ်ဂျီနဲ့အတူ သူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်ဆုဖလားအပါအဝင် ဖလားသုံးလုံးချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သလို မိုဆာလက်ကလည်း လီဗာပူးအသင်းရဲ့အခုရာသီပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အဓိကကျတဲ့အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ တဖက်မှာလည်း ရာဖင်ဟာနဲ့ လမိုင်းယာမယ်လ်တို့က ဘာစီလိုနာကို ပြည်တွင်းဆုဖလားသုံးလုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ရေး ကူညီပေးခဲ့ပါတယ်။
ဒါကြောင့် ရိုဒရီနောက်ပိုင်း ဘော်လွန်းဒီအော်ဆုရှင် ဘယ်သူဖြစ်လာမလဲဆိုတဲ့ ဆွေးနွေးမှုတွေ များပြားလာခဲ့ပြီး ကြိုးကြာနီနောက်ခံလူကိုနာတေးကတော့ သူ့ရဲ့ရွေးချယ်မှုကို ပြတ်ပြတ်သားသားဖြစ်စေခဲ့ပါတယ်။ ပြင်သစ်သားက ပါရီမြေ၊ ပျော်ရွှင်စရာအံ့ဖွယ်ဘောလုံးရာသီအတွက် လက်ရွေးစင်အသင်းဖော် ဒမ်ဘီလီကို ချီးကျူးဂုဏ်ပြုခဲ့သလို ဘော်လွန်းဒီအော်ဆုရှင်အဖြစ်လည်း အခိုင်အမာသတ်မှတ်ထားခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကိုနာတေးက “ လမိုင်းယာမယ်လ်၊ အမ်ဘာပေတို့အကြောင်းပဲ ကျွန်တော်တို့တွေ ဆွေးနွေးနေကြပါတယ်။ ဘယ်သူကမှ ဒမ်ဘီလီအကြောင်း မပြောကြပါဘူး။ ဒမ်ဘီလီက ထူးခြားတဲ့ဘောလုံးရာသီတစ်ခုကို ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ ဒီထက်ရှင်းအောင်ပြောဖို့လည်း ကျွန်တော့်မှာ စကားလုံးမရှိတော့ပါဘူး။ ဘယ်သူမှ မမျှော်လင့်ထားတဲ့ အခြေအနေမျိုးပါ။ သူ့အတွက် အပျော်ရွှင်ဆုံးလူသားက ကျွန်တော်ပါပဲ။ အရိုးသားဆုံးပြောရရင် ဘော်လွန်းဒီအော်ဆုနဲ့အထိုက်တန်ဆုံးသူက အူစမာဒမ်ဘီလီ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အသက်-၂၆ နှစ်အရွယ်ဗဟိုခံစစ်မှူးက ဒီည၊ စတုဂတ်မြို့မှာ စပိန်နဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ဆီမီးဖိုင်နယ်အတွက် ဒက်စ်ချမ့်စ်ရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။