
ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ စိတ်ပိုင်းဆိုင်ရာကမောက်ကမဖြစ်ခဲ့ပုံအကြောင်း ဖွင့်ဟလာတဲ့ ဂရာဗန်ဘတ်ချ်
လီဗာပူးကွင်းလယ်ကစားသမားဂရာဗန်ဘတ်ချ်က အေဂျက်စ်မှ အိပ်မက်ဆန်ဆန်ထွက်ခွာလာခဲ့ပြီးနောက် အလိုင်းယန့်ဇ်အရီနာမှာ ပွဲကစားချိန်တွေရရှိဖို့ ရုန်းကန်ခဲ့ရပုံကို ဖော်ညွှန်းမှုအဖြစ် နည်းပြနာဂယ်စ်မန်းလက်အောက် ဘိုင်ယန်မြူးနစ်မှာ ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို ဖွင့်ဟလာပါတယ်။ ဂရာဗန်ဘတ်ချ်က မြူးနစ်မှာ ဘောလုံးရာသီတစ်ခုသာ ဖြတ်သန်းခဲ့ပြီး လီဗာပူးဆီ ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။
ဂရာဗန်ဘတ်ချ်က ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ ပထမဆုံးနဲ့ တစ်ခုတည်းသော ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုအပါအဝင် ဆုဖလားနှစ်လုံးဆွတ်ခူးရရှိခဲ့ပေမယ့် နည်းပြနာဂယ်စ်မန်း လက်အောက်မှာ ပွဲကစားချိန်မည်ကာမတ္တလောက်သာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အသက်-၂၃ နှစ်အရွယ်ကစားသမားက ၂၀၂၃ ခုနှစ်၊ နွေရာသီ လီဗာပူးဆီပြောင်းရွှေ့လာပြီးနောက်ပိုင်း သူ့ကိုယ့်သူ ပြန်သက်သေပြနိုင်ဖို့ အခွင့်အရေးတစ်ရပ် ရရှိခဲ့ပါတယ်။ အန်ဖီးလ်ကစားသမားဘဝဒုတိယမြောက်ရာသီမှာ ဂရာဗန်ဘတ်ချ်က နည်းပြအန်းစလောအတွက် ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်လာခဲ့ပြီး ကလပ်အသင်းရဲ့ စံချိန်တင် အကြိမ် ၂၀ မြောက် အင်္ဂလန်ချန်ပီယံဆုရယူရေးခရီးလမ်းမှာ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်မှာ ကြုံတွေ့ခဲ့ရတဲ့ အိပ်မက်ဆိုးနဲ့ပတ်သက်လို့ ဂရာဗန်ဘတ်ချ်က “ ကျွန်တော့်ခေါင်းထဲမှာ ရူးချင်လောက်အောင်ကို ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အတွက် မြူးနစ်မြို့ဆီ ကျွန်တော့်မိဘတွေ ပြောင်းရွှေ့လာတာ အတော်လေးကံကောင်းပါတယ်။ ထွက်ခွာမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကျွန်တော် မသိပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ အရမ်းခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့တွေ ချန်ပီယံဖြစ်ခဲ့လို့ အရမ်းပျော်ရွှင်မိပေမယ့် ကျွန်တော့်ရဲ့ပါဝင်ပတ်သက်မှုကတော့ အလွန်နည်းပါးလွန်းပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က ချန်ပီယံပဲဆိုတာ သိပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ ကိုယ့်ကိုယ်ကိုယ် ချန်ပီယံတစ်ဦးလို့မခံစားရပါဘူး။ ဒါက ဆုဖလားတွေရရှိခဲ့ဖူးတဲ့ အခြားအချိန်တွေနဲ့ယှဉ်ကြည့်လိုက်ရင် အတော်လေးကွဲပြားခြားနားတဲ့ ခံစားချက်တစ်ခု ဖြစ်ပါတယ်။
နာဂယ်စ်မန်းလက်အောက်မှာ ကျွန်တော်က ကိုယ့်အသင်းကို သုံးပွဲဆက်လောက် ထိုင်ကြည့်ခဲ့ရဖူးပါတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော့်ခေါင်းထဲမှာ ရူးသွပ်သွားခဲ့ပါတယ်။ ဆောင်းရာသီကာလမှာတော့ ကျွန်တော့်အတွက် ဒါတွေအကုန်လုံး ပြီးဆုံးသွားခဲ့ပါပြီ။ သောမတ်စ်တူချယ်လက်အောက် ဘောလုံးရာသီနှောင်းပိုင်း နှစ်လတာကာလလောက်မှာ ပွဲကစားချိန်အနည်းငယ် ရရှိခဲ့ပါတယ်။ ဘိုင်ယန်မှာ ဘယ်လိုခံစားခဲ့ရသလဲဆိုတာ မှတ်မိနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီလိုနိမ့်ကျနေမှု ကို ဘယ်လိုကျော်ဖြတ်သွားရမလဲဆိုတာ သိထားပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်ဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။
ဂရာဗန်ဘတ်ချ်ရဲ့ဖခင်ဖြစ်သူ ရိုင်ယန်စီနီယာကလည်း သူ့သားရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို ထပ်မံရှင်းပြခဲ့ပါတယ်။ ရိုင်ယန်စီနီယာက “ မိဘတစ်ဦးအနေနဲ့ အခုလိုမျိုးပြောလာမယ်ဆိုရင် လူတွေက ကိုယ့်သားကိုယ်အရမ်းထက်မြက်သူတစ်ဦးအဖြစ် ထင်မြင်ယူဆနေတဲ့ အဖေတစ်ယောက်ပဲလို့ တွေးမိကောင်းတွေးမိနိုင်ပါတယ်။ ဒါပေမဲ့ ဘောလုံးကမ္ဘာက ခက်ခဲလွန်းသလို အဲ့ဒီကမ္ဘာမှာရှိနေသူတွေလည်းပဲ အလားတူပါပဲ။ ဂရာဗန်ဘတ်ချ်အကြောင်း အများကြီးပြောကြပေမယ့် အသက်-၂၁ နှစ်အရွယ် ကောင်လေးတစ်ဦးဆိုတာ လူတွေကိုယ်တိုင် မေ့ထားကြပါတယ်။
ဘိုင်ယန်မြူးနစ်ခရီးစဉ်တစ်ခုလုံးအကြောင်း ပြောရမယ်ဆိုရင် ဂရာဗန်ဘတ်ချ်မျှော်လင့်ထားသလို မဖြစ်လာခဲ့ပါဘူး။ သူက တကယ်ကိုကြိုးစားလုပ်ဆောင်ခဲ့ပေမယ့် တောက်ပဖို့အတွက် အခွင့်အရေးမရခဲ့ပါဘူး။ အဲ့ဒီတုန်းက ကျွန်တော်တို့ကိုယ်တိုင်လည်း သူ့ကို လီဗာပူးဆီပြောင်းရွှေ့ခွင့်ရမယ်ဆိုတာနဲ့ သူ့ရဲ့နည်းပြ အန်းစလော့ဖြစ်လာမယ်လို့ မတွေးထားခဲ့ပါဘူး။ အန်းစလော့နဲ့အတူ သူလုပ်ပြနေတဲ့အရာတွေကို မြင်တွေ့လိုက်ရတော့ ကျွန်တော့်သားတော့ ငရဲဘုံမှ နတ်ပြည်ဆီ ရောက်ရှိသွားပြီလို့ပဲ အရိုးသားဆုံးပြောရပါလိမ့်မယ်”လို့ ဆိုပါတယ်။
ဂရာဗန်ဘတ်ချ်က ဖခင်တစ်ဦးဖြစ်လာချိန်နဲ့တိုက်ဆိုင်နေတာကြောင့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ လီဗာပူးအသင်းရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ကစားသမားက လာမယ့်သောကြာနေ့၊ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ပါဝင်ကစားသွားမယ်လို့ မျှော်လင့်ရပါတယ်။