လီဗာပူးအသင်းမှ မက်အယ်လစ္စတာ ထွက်ခွာသွားနိုင်တယ်လို့ ကစားသမားရဲ့ဖခင်ဖြစ်သူ ထုတ်ဖော်ပြောကြား
မက်အယ်လစ္စတာရဲ့ဖခင်ဖြစ်သလို အေးဂျင့်လည်းဖြစ်သူက စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ မစတင်ရသေးလို့ သူ့သားရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို ပြောပြလာပါတယ်။
စနေနေ့အန်ဖီးလ်ကွင်းအတွင်း ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းအတွက် မက်အယ်လစ္စတာ ပြန်လည်ပါဝင်လာဖို့ရှိနေပြီး နည်းပြအန်းစလော့ကိုယ်တိုင်လည်း ကွင်းလယ်ပိုင်းမှာ အာဂျင်တီးနားကြယ်ပွင့်ကို ပွဲထွက်ခွင့်ပေးသွားနိုင်ပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာ လီဗာပူးက ဂရာဗန်ဘတ်ချ်နဲ့ ၆ နှစ်သက်တမ်းရှိစာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့သလို ဆိုဘိုဆလိုင်းနဲ့လည်း စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဒါပေမဲ့လည်း စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုကတော့ မက်အယ်လစ္စတာအတွက် စာချုပ်သစ်ပေးဖို့ မဆွေးနွေးမှုတွေ မရှိသေးခြင်း ဖြစ်ပါတယ်။ ကားလို့စ်မက်အယ်လစ္စတာက "အဲလက်ဆစ်မက်အယ်လစ္စတာရဲ့ စာချုပ်က ၂၀၂၈ ဇွန်လအထိ ရှိပါသေးတယ်၊ အခုအချိန်အထိတော့ တခြား ဘယ်ကလပ်အသင်းနဲ့မှ လူသိရှင်ကြားဆွေးနွေးနေတာမျိုး မရှိပါဘူး။ အသင်းရဲ့ပရိသတ်တွေက ကစားသမားဆီမှ အခုလိုမျိုး လေးစားမှုကို ရသင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အခုထိတော့ ကလပ်အသင်းဘက်က စာချုပ်သစ်အတွက် ကျွန်တော်တို့နဲ့ လာရောက်ညှိနှိုင်းတာမျိုး မရှိသေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
နည်းပြအန်းစလော့လက်အောက်မှာ ဂရာဗန်ဘတ်ချ်၊ ဆိုဘိုဆလိုင်း၊ ဖလော်ရီယန်ဝစ်ဇ် ကွင်းလယ်အတွဲကြောင့် အာဂျင်တီးနားကြယ်ပွင့်မက်အယ်လစ္စတာအတွက် အသင်းမှာ နေရာပျောက်သလို ဖြစ်နေရပါတယ်။ ဒါ့အပြင် နွေရာသီအပြောင်းအရွှေ့လည်း နီးကပ်လာနေသလို အသင်းဖော်တွေကလည်း စာချုပ်သစ်တွေ အသီးသီးရရှိနေလို့ မက်အယ်လစ္စတာကိုယ်တိုင်လည်း သူ့ရဲ့ အနာဂတ်အတွက် စဉ်းစားနေနိုင်ပါတယ်။
မက်အယ်လစ္စတာက အခုဘောလုံးရာသီ၊ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားထားပြီး ၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးထားပါတယ်။ ဒါပေမဲ့ လီဗာပူးအသင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ပါဘူး။ လီဗာပူးအသင်းက ချန်ပီယံဆုပြန်လည်ရယူနိုင်မယ့် အသင်းတစ်ခုဖြစ်အောင် တည်ဆောက်နေလို့ အသင်းလူစာရင်းပိုင်း အပြောင်းအလဲတွေ အကြီးအကျယ်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အသင်းမှထွက်ခွာနိုင်သူစာရင်းမှာ မက်အယ်လစ္စတာလည်း ပါဝင်လာနိုင်ပါတယ်။