ဖရိုင်းဘတ်အသင်းကို အားပေးဖို့ အစ္စတန်ဘူလ်ဆီ ရောက်ရှိလာတဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေနဲ့ နည်းပြနာဂယ်စ်မန်း
အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပအဆင့်ဗိုလ်လုပွဲဆီ တက်လှမ်းရောက်ရှိလာတဲ့ ဖရိုင်းဘတ်က ဗုဒ္ဓဟူးနေ့မှာ အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဆင်နွှဲသွားပါတော့မယ်။ Kicker ရဲ့ ဖော်ပြချက်အရ ဘက်ဆစ်တက်စ်ကွင်းရဲ့ ပွဲကြည့်စင်ပေါ်မှာ မမျှော်လင့်ထားတဲ့ ဧည့်သည်တချို့ကို မြင်တွေ့ရဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)ဥက္ကဋ္ဌ ဘန်းနျူရန်ဒေါ့ဖ် ဦးဆောင်တဲ့ အဖွဲ့ချုပ်တာဝန်ရှိသူတွေက အဆိုပါပွဲစဉ်ကို ကြည့်ရှုဖို့ အစ္စတန်ဘူလ်ဆီ ရောက်ရှိနေသလို ဂျာမနီလက်ရွေးစင်အသင်းနည်းပြနာဂယ်စ်မန်းလည်း ဘွန်ဒက်လီဂါကလပ် ဖရိုင်းဘတ်အသင်းကို အားပေးဖို့အတွက် လိုက်ပါသွားခဲ့ပါတယ်။
ဒီခရီးစဉ်မှာ ဂျာမနီလက်ရွေးစင်အသင်းရဲ့အားကစားဒါရိုက်တာရူဒီဗော်လာ၊ စီမံခန့်ခွဲမှုဒါရိုက်တာအန်ဒရီးယပ်စ်ရက်တစ်နဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဟိုလ်ဂါဘလက်စ်တို့လည်း ပါဝင်ပါတယ်။ ကြာသပတေးနေ့၊ ဖရန့်ဖတ်မြို့ရှိ DFB ရုံးမှာ နာဂယ်စ်မန်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်း ထုတ်ပြန်ဖို့ရှိနေပြီး ဖရိုင်းဘတ်ခံစစ်မှူးဂင်တာအတွက် ဂျာမနီလက်ရွေးစင်အသင်းမှာပါဝင်နိုင်ဖို့ အခွင့်အလမ်းတစ်ရပ် ရှိနေပါတယ်။