The network connection is lost.

Banner Image

အန်းစလော့လက်ထက်မှာ ဘောလုံးကစားရတာကို ပိုသဘောကျတယ်လို့ ဆာလက် ဝန်ခံခဲ့ကြောင်း ဂျေမီ ရက်ဒ်နပ်ပ်ဖွင့်ဟ

ယာဂန်ကလော့ပ်ထက်စာရင် အန်းစလော့ရဲ့လက်အောက်မှာ ဘောလုံးကစားရတာကို ပိုပြီးနှစ်သက်တယ်လို့ မိုဆာလက်ကိုယ်တိုင် ဖွင့်ဟခဲ့ဖူးကြောင်း လီဗာပူးဂန္ထဝင်ဂျေမီရက်ဒ်နပ်ပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒတ်ခ်ျလူမျိုးနည်းပြလက်ထက်၊ ဒုတိယမြောက်ဘောလုံးရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ပေမဲ့ ကွင်းတွင်းခြေစွမ်းပိုင်း ပြန်လည်ကောင်းမွန်လာစေဖို့အတွက် လာမယ့်ဘောလုံးရာသီမှာလည်း အန်းစလော့ကို အခွင့်အရေးထပ်ပေးသွားဖို့ လီဗာပူးအသင်းအကြီးအကဲတွေ ဆုံး‌ဖြတ်ထားကြတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်-၅ နေရာဖြင့် ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင် အတော်လေးရုန်းကန်ခဲ့ရပါတယ်။ အန်းစလော့ကိုယ်တိုင်လည်း နည်းဗျူဟာပိုင်းအလုပ်မဖြစ်မှုနဲ့ အသင်းကိုဦးဆောင်ရာမှာ ယုံကြည်မှုအားနည်းနေခြင်းတို့ကြောင့် ဖိအားတွေနဲ့ အပြင်းအထန်ရင်ဆိုင်နေရပါတယ်။

ဆယ်စုနှစ်တစ်ခုနီးပါးကြာ အသင်းရဲ့အဓိကကစားသမားဖြစ်ခဲ့တဲ့ မိုဆာလက်က အခုဘောလုံးရာသီအစောပိုင်းမှာ အန်းစလော့ရဲ့နည်းဗျူဟာပိုင်းကို မေးခွန်းထုတ်ဝေဖန်ခဲ့ပါသေးတယ်။

ဒါပေမဲ့ အန်းစလော့နဲ့ပတ်သက်တဲ့ ပြဿနာတွေ ပိုကြီးထွားလာပြီး ဆာလက်ကိုယ်တိုင်လည်း အသင်းမှထွက်ခွာတော့မယ့် အချိန်မှာပဲ အီဂျစ်ဘုရင်ကိုယ်တိုင် လက်ရှိနည်းပြလက်ထက်မှာ ကစားရတာကို ပိုသဘောကျခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ရက်ဒ်နပ်ပ်က ဖွင့်ဟလာပါတယ်။

"အန်းစလော့နဲ့အတူ ပရီးမီးယားလိဂ်ဖလားရခဲ့တုန်းက ဆာလက်က 'အခုပုံစံ တကယ်ကောင်းတယ်' ဆိုပြီး အရမ်းသဘောကျနေခဲ့ပါတယ်။ ကလော့ပ်လက်ထက်တုန်းနဲ့တော့ နည်းနည်းကွဲပြားပါတယ်။ ကလော့ပ်လက်ထက် တချို့အချိန်တွေမှာ ခက်ခဲခဲ့တာမျိုး ရှိခဲ့တယ်လေ။"

"အန်းစလော့က သူနဲ့ ပိုအဆင်ပြေတယ်လို့ မိုဆာလက် ပြောခဲ့တာကို ကျွန်တော် မှတ်မိနေပါတယ်။ 'နည်းပြက ကျွန်တော့်ကို ခံစစ် သိပ်ဆင်းစရာမလိုဘဲ ပွဲကိုပဲ အနိုင်ရအောင် ကစားဖို့ လွတ်လပ်ခွင့်တွေ အများကြီး ပေးထားတယ်' လို့ သူ ကျွန်တော့်ကို ပြောခဲ့ဖူးတယ်" လို့ ရက်ဒ်နပ်ပ်က ဆိုပါတယ်။

"ဒါကြောင့် ဒါက အန်းစလော့အတွက်တော့ တကယ့်ကိုချီးကျူးစရာ ကောင်းပါတယ်။ အန်းစလော့မှာ အရည်အချင်းမရှိဘူးလို့ ပြောနေကြတယ်ဆိုတာ နည်းနည်းတော့ ရိုင်းရာကျသလိုပါပဲ။ အခုရာသီမှာ သူ့ရဲ့ရလဒ်တွေ ဆိုးနေတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ သူ့ကို နည်းနည်းလောက်တော့ စိတ်ရှည်ပေးသင့်တယ်လို့ ထင်တယ်။ ပရီးမီးယားလိဂ်ဖလားရခဲ့ချိန်တုန်းကတော့ မိုဆာလက်ကိုယ်တိုင်လည်း ဘာမှ မညည်းညူခဲ့ဘူးလေ။"

"ဒါပေမဲ့ အခုရာသီမှာ မိုဆာလက်ရဲ့ခြေစွမ်းပိုင်း သိပ်မကောင်းတော့လို့ အခုလိုဝေဖန်တဲ့ စကားလုံးတွေ ဆိုရှယ်မီဒီယာပေါ်မှာ ရေးခဲ့တာ ဖြစ်ပါလိမ့်မယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

လီဗာပူးအသင်းကတော့ ဒီနွေရာသီမှာ မိုဆာလက်ရဲ့နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပြီး ဆလော့ကလည်း လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ လာမယ့်ရာသီမှာတော့ သူက ရလဒ်ကောင်းတွေနဲ့စတင်နိုင်ဖို့ လိုအပ်နေပြီး မဖြစ်လာရင်တော့ အသင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပယ်ခြင်းကို ခံရနိုင်ပါတယ်။