လီဗာပူးမှ ကိုနာတေးထွက်ခွာရခြင်းအကြောင်းရင်းကို သတင်းရင်းမြစ်တွေ ထုတ်ဖော်ပြောဆိုလာ
လီဗာပူးက ဇွန်လကုန်မှာ၊ အန်ဖီးလ်မှ စာချုပ်သက်တမ်းကုန်ဆုံးပြီး ထွက်ခွာသွားမယ့် ကိုနာတေးအတွက် စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။
ကြိုးကြာနီတွေက ပြင်သစ်နောက်ခံလူနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကို လပေါင်းများစွာကြာ ပြုလုပ်ခဲ့ပေမဲ့ သိသာထင်ရှားတဲ့အောင်မြင်မှု မရရှိခဲ့ပါဘူး။
ဒါကြောင့် ကြာသပတေးနေ့ညနေခင်းမှာ လီဗာပူးမှ ကိုနာတေးထွက်ခွာသွားတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပေမဲ့ အံ့အားသင့်စရာမဖြစ်ခဲ့ဘဲ အပြောင်းအရွှေ့ဂုရုကြီးဘင်ဂျက်ကော့ဘ်ကတော့ မာဆေးဆိုဒ်ကလပ်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားတို့အကြား အခြေအနေကို မီးမောင်းထိုးရှင်းပြလာပါတယ်။
ဂျက်ကော့ဘ်ရဲ့အဆိုအရ ဆွေးနွေးညှိနှိုင်းမှုရလဒ်အပေါ် ကလပ်အသင်းနဲ့နီးစပ်သူတွေ စိတ်ပျက်နေခဲ့ကြပြီး ဒီလိုမဖြစ်လာဖို့ ကြိုးစားရှောင်လွှဲခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ကလပ်အသင်းနဲ့ ကစားသမားအကြား "သိသာထင်ရှားတဲ့ ကွာဟချက်" ရှိနေလို့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးဘဲ လီဗာပူးအသင်းဘက်ကလည်း "ငွေကြေးပမာဏကြီးမားတဲ့ သက်တမ်းတိုးမှုမျိုး" မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသက်-၂၆ နှစ်အရွယ်ကစားသမားက ၂၀၂၁ ခုနှစ်မှာ လိုက်ပ်ဇစ်မှ မာဆေးဆိုဒ်ဘီလူးကြီးဆီ ပြောင်းရွှေ့ကြေးပေါင် ၃၆ သန်းဖြင့် ရောက်ရှိလာပြီး ဗဟိုခံစစ်ပိုင်းမှာ ဗန်ဒိုက်နဲ့အတူ လက်တွဲကာ ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းအတွက် အရေးပါသူတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။
အခုတော့ သူက အန်ဖီးလ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားဖို့ရှိနေပြီး ပြင်သစ်သားရဲ့နောက်ထပ်ခြေလှမ်းသစ် ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားဖို့ပဲ ကျန်ပါတော့တယ်။