ဒိန်းမတ်မှာပဲ အဲရစ်ဆင်ရဲ့ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်သွားမယ်လို့ ဝုဖ်ဘတ်အသင်း အတည်ပြု
ဂျာမန်ကလပ်ဝုဖ်ဘတ်အသင်းကွင်းလယ်လူအဲရစ်ဆင်က မိခင်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်ဆီ ပြန်သွားပြီး သီသန့်ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားလိမ့်မယ်လို့ ကြာသပတေးနေ့မှာ အသင်းက ထုတ်ပြန်ကြေညာပါတယ်။
ဒိန်းမတ်လက်ရွေးစင်ကစားသမားက ဇွန်လအတွင်း ယူကရိန်းနဲ့ရင်ဆိုင်ရတဲ့ ခြေစမ်းပွဲစဉ်မှာ ကွင်းတွင်း လဲကျသွားခဲ့ပါတယ်။ သူက ၂၀၂၁ ခုနှစ်၊ ကိုပင်ဟေဂင်မှာကစားခဲ့တဲ့ ယူရိုပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာလည်း နှလုံးရပ်တန့်သွားတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။
အသက် ၃၄ နှစ်အရွယ် အဲရစ်ဆင်နဲ့ ဝုဖ်ဘတ်မန်နေဂျင်းဒါရိုက်တာ ဒီတာဟက်ကင်းတို့ ဆွေးနွေးပြီးနောက် ကစားသမားကို မိခင်မြေဆီ ပြန်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အသင်းဘက်ကလည်း အဲရစ်ဆင်အပြင် သူ့ကို ကုသပေးနေတဲ့ ဆေးအဖွဲ့ကိုပါ အမြဲအဆက်အသွယ်လုပ်သွားမယ်လို့ အတည်ပြုထားပါတယ်။
ဝုဖ်ဘတ်အသင်းက "အဲရစ်ဆင်ရဲ့ ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့ပါစေလို့ ဆက်လက်ဆုတောင်းပေးနေပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲရစ်ဆင်က မန်ချက်စတာယူနိုက်တက်မှထွက်ခွာလာပြီးနောက် ယမန်နှစ်၊ စက်တင်ဘာလအတွင်း ဝုဖ်ဘတ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပါတယ်။