
ထိပ်တန်းအသင်းတွေက စိတ်ဝင်စားလာချိန်မှာ အနာဂတ်အကြောင်းထုတ်ဖော်ပြောကြားလာတဲ့ ဘုန်းမောက်စတား
ဘုန်းမောက်အသင်းနောက်ခံလူ ဟာဂျယ်ဆန်က ထိပ်တန်းအသင်းတွေက စိတ်ဝင်စားလာချိန်မှာ သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက နယ်သာလန် နဲ့ စပိန်သားနောက်ခံလူဟာ အပြောင်းအရွှေ့သတင်းခေါင်းကြီးပိုင်းတွေမှာ နာမည်ယူခဲ့တာဖြစ်ပါတယ်။
လိဂ်အသစ် ၊ ပတ်ဝန်းကျင်အသစ်မှာ ဖိအားတွေရှိခဲ့ပေမယ့် အသက် ၁၉ နှစ်သားဟာ ဘုန်းမောက်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၂၅ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ဟာဂျယ်ဆန်ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ရီးရဲလ် ၊ ဘိုင်ယန် ၊ ချဲလ်ဆီး နဲ့ လီဗာပူးတို့က စိတ်ဝင်စားနေပြီး စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း ၅၀ က အခုနွေရာသီမှာ အသက်ဝင်လာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အင်တာဗျူးတစ်ခုမှာ ဟာဂျယ်ဆန်က စာချုပ်သက်တမ်းက ၂၀၃၀ အထိ ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေးအကြောင်းပါ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော် နဲ့ ဘုန်းမောက်တို့ကြား စာချုပ်သက်တမ်းက ၂၀၃၀ အထိရှိနေပါတယ်။ ဒါပေမယ့် စာချုပ်ဖျက်သိမ်းကြေးလည်းရှိပါတယ်။ အနာဂတ်အကြောင်း ကျွန်တော်မသိသေးပါဘူး။ ဆက်လက်စောင့်ကြည့်ရမှာပါ။ ရီးရဲလ်က ထိပ်တန်းအသင်းဖြစ်သလို ကစားသမားတိုင်း အဲ့အသင်းမှာ ကစားချင်ကြပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ဦးကလည်း ရီးရဲလ်သွားဖို့ ပြောခဲ့ပါတယ်။ ရီးရဲလ်မှာ ကျွန်တော်အားကျရတဲ့ကစားသမားတစ်ဦးရှိပါတယ်။ သူက ရာမို့စ်ပါ။ ပြီးတော့ အန်ဆယ်လော့တီကလည်း နည်းပြကောင်းတစ်ဦးဖြစ်သလို သူမရှိရင် ရီးရဲလ်က ဘာမှမဟုတ်ပါဘူး။ သူက ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်”လို့ ဟာဂျယ်ဆန်က ပြောကြားခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ နောက်တန်းနေရာကို အားဖြည့်ဖို့ လိုအပ်နေပြီး မီလီတာအို ၊ အလာဘာတို့ ဒဏ်ရာရရှိနေပြီး လက်ရှိခံစစ်မှာ အကယ်ဒမီထွက်ကစားသမားလေး အဆန်စီရိုကို အားကိုးနေရတာဖြစ်ပါတယ်။ လာမယ့်နွေမှာတော့ ရီးရဲလ်အသင်းဟာ နောက်တန်းကိုအဓိကထားအားဖြည့်ဖွယ်ရှိနေပြီး ဟာဂျယ်ဆန်က နံပတ် ၁ ပစ်မှတ်ဖြစ်လာဖွယ်ရှိနေပါတယ်။