စကော့တလန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့လို့ အန်ဆယ်လော့တီအနေနဲ့ လက်ဆောင်ပေးရမယ်လို့ဆိုလာတဲ့ ဗင်နီစီးယက်စ်
စကော့တလန်နဲ့ပွဲမှာ ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီအနေနဲ့ သူ့ကို လက်ဆောင်တစ်ခု ပေးရတော့မယ်လို့ ဗင်နီးစီးယက်စ်က ပြောပြခဲ့တာပါ။
ဒီနှစ် ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြတဲ့ လီယွန်နယ် မက်ဆီ၊ ဘာပေ၊ ဟာလန်းတို့နဲ့အတူ ဗင်နီးစီးယက်စ်ကလည်း အကောင်းဆုံး ခြေစွမ်းပြပြီး လိုက်ပါနေပါတယ်။
ဒီတစ်ပတ် စကော့တလန်နဲ့ပွဲမှာ ဗင်နီးစီးယက်စ်က နှစ်ဂိုးသွင်းယူပြီး အကောင်းဆုံး ကစားနိုင်ခဲ့တာကြောင့် လက်ရှိ ဂိုးသွင်းအများဆုံးစာရင်းမှာ မက်ဆီရဲ့နောက် တစ်ဂိုးအကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီးစီးယက်စ်က ပထမပိုင်း ပွဲကစားချိန်ပိုမှာ တွေ့ရခဲတဲ့ ခေါင်းတိုက်ဂိုးနဲ့ အသင်းအတွက် ဒုတိယဂိုး သွင်းပေးခဲ့တာဖြစ်ပြီး ပွဲကစားချိန် မိနစ် ၆၀ မှာတော့ မားသီးယပ်စ် ကွန်ညာက ဘရာဇီးလ်အတွက် တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာတော့ တောင်ပံကစားသမား ဗင်နီးစီးယက်စ်က သူဟာ ခေါင်းတိုက်ဂိုး သွင်းလေ့မရှိတဲ့သူဖြစ်လို့ အသက် ၂၅ နှစ်အရွယ် သူ့အတွက် အခုလိုမျိုး ခေါင်းနဲ့ဂိုးသွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အန်ဆယ်လော့တီက ပြောခဲ့ဖူးကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။
"ကျွန်တော် ဂိုးအရေအတွက်အပေါ် သိပ်ပြီး စိတ်မပူပါဘူး၊ အသင်းအတွက် အကောင်းဆုံး ကူညီပေးနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။" လို့ ဗင်နီးစီးယက်စ်က SporTV ကို ပြောပါတယ်။
"သွင်းဂိုးတွေအတွက် အရမ်းပျော်ပါတယ်၊ ဒီနေ့မှာ ခေါင်းတိုက်ဂိုးတောင် ပါခဲ့တယ်လေ။ နည်းပြကို ကျွန်တော် ခေါင်းနဲ့ဂိုးသွင်းပြမယ်လို့ ကတိပေးထားတာပါ။ အဲ့ဒီတုန်းက သူက ဒါဟာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပြီး တကယ်လို့ သွင်းနိုင်ရင် လက်ဆောင်ပေးမယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခု ကျွန်တော် လက်ဆောင်ကို စောင့်နေပါတယ်။" လို့ ၎င်းက ဆိုပါတယ်။
ဗင်နီးစီးယက်စ်ဟာ ဘရာဇီးလ်အသင်းရဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ၅ ဦးမြောက် ဘရာဇီးလ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူဟာ ၁၉၇၀ မှာ ဂျိုင်ယာဇင်ဟို၊ ၁၉၉၄ မှာ ရိုမာရီယို၊ ၂၀၀၂ မှာ ရော်နယ်ဒိုနဲ့ ရီဗယ်လ်ဒိုတို့ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းကောင်းကို လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘရာဇီးလ်အသင်းဟာ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။